မန္တလေး ၁၃ သြဂုတ်
မန္တလေးရတနာမော နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာဈေးတွင် တရုတ်နိုင်ငံ၏ နာမည်ကြီး Alibaba ကုမ္ပဏီမှ ကျောက်မျက်ကုန်သည်များက ယခုလ ၁၂ ရက် နှင့် ၁၃ ရက်တွင် ကျောက်စိမ်းများအား စိတ်ကြိုက်ဝယ်ယူသွားမည်ဖြစ်ကြောင်း အဆိုပါဈေးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ယခုလို ဆောင်ရွက်ခြင်းဖြစ်ပြီး သြဂုတ်လ ၁၂ ရက် ၊ ၁၃ ရက် ညနေ ၄ နာရီမှ စတင်ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
‘နိုင်ငံတော်က ခရီးသွားကဏ္ဍမြှင့်တင်ရေးလုပ်နေတဲ့အချိန်ဖြစ်တဲ့အတွက် မန္တလေးရတနာမော ကျောက်မျက်ဈေးအနေ နဲ့အဓိကအခန်းကဏ္ဍအနေနဲ့ ပါဝင်ကူညီတဲ့သဘောဖြစ်ပါတယ်။ ကျောက်မျက်ကုန်သည်တွေ များများလာဝယ်စေချင်တဲ့သဘောပါ။ နိုင်ငံတော်ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကျောက်မျက်ရတနာအချောထည်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဲဒီကဏ္ဍတွေအဓိကဖြစ်ချင်တဲ့အတွက် ညဈေးကို ထပ်တိုးချဲ့တာပါ’ဟု မန္တလေးရတနာမောမှ အတွင်းရေးမှူး ဦးသိန်းဝင်းက ပြောသည်။
မန္တလေးရတနာမောတွင် ယခုလို Alibaba မှ ကျောက်ကုန်သည်များလာရောက်ဝယ်ယူ နိုင်ရန် ၊ နိုင်ငံတော်အတွက် အခွန်များ ပိုမိုရရှိစေရန် ၊ ပြည်တွင်းကျောက်မျက်ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန် စသည့် အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မန္တလေးရတနာမောတွင် ကျောက်မျက်လာဝယ်သည့် တရုတ်ကုန်သည်တစ်ဦးက ‘ဒုတိယအကြိမ်လာဝယ်တာ။ မြန်မာအဓိကထွက်တာဖြစ်တဲ့အတွက် လာဝယ်တာပါ။ မြန်မာက ထွက်တဲ့သယံဇာတ အရမ်းကိုကြိုက်နှစ်သက် တယ်။ ကျောက်စိမ်းရပ်ကွက် မြန်မာနိုင်ငံသားလောက် မရင်းနှီးခဲ့ဖူးဘူး။ သူတို့က ကွာလတီပိုင်စစ်မှန်တာကို ဆုံးဖြတ်တတ်တယ်။ အရောင်းအဝယ်ဖြစ်တဲ့အခါ ပညာတွေလည်းရခဲ့တယ်။ ဝယ်ယူတာက လက်ကောက် အထည် အကုန်အကြိုက်များတယ်’ဟု ဆိုသည်။
မန္တလေးရတနာမော နိုင်ငံတကာအဆင့်မီကျောက်မျက်ရတနာဈေးတွင် နေ့စဉ် တရုတ်ကုန်သည် ၃၀ဝ ခန့်လာရောက်ဝယ်ယူလေ့ရှိကြောင်းသိရသည်။
အိမို့မို့ခိုင်


