မန္တလေး ၂၂ ဧပြီ
မန္တလေးမြို့သို့ ဝင်ရောက်လာမည့် အိမ်စီးကားနှင့် ကုန်တင်ကားများကို လူ ၅ ဦးအထိသာ တင်ဆောင်ခွင့် ပြုထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ချမှတ်ထားသည့် ဒေသန္တရအမိန့်ကို ဧပြီ ၃၀ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဧပြီ ၂၀ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။


ယခုတွင် အဆိုပါအမိန့်ကြေညာစာကို ဧပြီ ၃၀ ရက်နေ့အထိ ထပ်တိုးကြောင်း ကြေညာလိုက်ပြီး ယခင်က မန္တလေးမြို့သို့ ဝင်မည့်ကားများကို လူဦးရေ ၇ ယောက်အထိ တင်ဆောင်ခွင့်ပြုခဲ့ပြီး ထပ်တိုးအမိန့်တွင် ၄ ယောက်သာ တင်ဆောင်ခွင့်ပြုမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဧပြီ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည့် လုံလောက်သော အကြောင်းပြချက်မရှိဘဲ ည ၉ နာရီမှ နံနက် ၉ နာရီအထိ နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုရန် တားမြစ်မိန့်ကိုလည်း ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရသည်။
မန္တလေးမြို့ရှိ အဝတ်အထည်ဆိုင်များ၊ စက်ရုံအလုပ်ရုံများကို ဧပြီ ၇ ရက်နေ့မှ စတင်၍ ဧပြီ ၂၁ ရက်နေ့အထိ ယာယီပိတ်သိမ်းထားရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် အခြေခံလူသုံးကုန်အတွက် မရှိမဖြစ်လိုအပ်သည့် စားသောက်ကုန်နှင့် ဆေးဝါးလုပ်ငန်းများ၊ ဘဏ်များကိုမဖြစ်မနေ ဖွင့်ထားရမည်ဖြစ်ပြီး မဖွင့်ပါကလည်း ထိရောက်စွာ အရေးယူခံရမည်ဟု ဖော်ပြထားသည်။
ဖြိုးအိ