မန္တလေးသင်္ကြန်ပွဲတော် အတက်နေ့တွင် ပါဝင်ဆင်နွှဲသူ များပြား၍ အထူးစည်ကား

နေပြည်တော် ၁၆ ဧပြီ

 

၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာသင်္ကြန်အတက်နေ့ ရေသဘင်ပွဲတော်ကို ယနေ့ဆက်လက်ကျင်းပရာ သင်္ကြန်နောက်ဆုံးနေ့ဖြစ်သည်နှင့်အညီ ရေကစားသူများ ပိုမိုပါဝင်ဆင်နွှဲခဲ့ကြောင်း တွေ့ရသည်။

 

နံနက်ပိုင်းတွင် ရပ်ကွက်များရှိ ဓမ္မာရုံများ၌ ဥပုသ်သီလဆောက်တည်လိုသူများအတွက် သီလပေးပွဲများပြုလုပ်ခြင်း၊ ဆွမ်းတော်ကြီးခံအသင်းများက ရပ်ကွက်အတွင်း လှည့်လည် ဆွမ်းအလှူခံခြင်းများ၊ ရပ်ကွက်အတွင်းရှိ ဗုဒ္ဓဘာသာဝင်များက သဒ္ဓါတရားထက်သန်စွာ လောင်းလှူခဲ့ကြခြင်းများ ဆောင်ရွက်ကြသည်။

 

1

 

မန္တလေးမြို့ ကျုံးပတ်လည်တွင် အဓိကထားပြုလုပ်သော ရေသဘင်ပွဲတော်များ၌ ပျော်ရွှင်စွာ ရေကစားကြသူများ၊ စတုဒိသာမဏ္ဍပ်များတွင် တပျော်တပါး ဝင်ရောက်အားပေး သုံးဆောင်ကြသူများ၊ မြန်မာ့ရိုးရာအစားအစာများ ရောင်းချသည့် ဆိုင်များတွင်လည်း စည်ကားများပြားစွာ ဝယ်ယူအားပေးကြကြောင်း တွေ့ရသည်။

 

မန္တလေးမြို့ မြန်မာ့ရိုးရာသင်္ကြန်ပွဲသို့ မြို့သူမြို့သားများ သာမက အခြားမြို့များမှပါ လာရောက်ပျော်ရွှင်စွာ ဆင်နွှဲကြရာ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သည့် မဟာမုနိဘုရားကြီး၊ မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ ကျောက်စိမ်းစေတီနှင့် အခြားတန်ခိုးကြီးဘုရားများသို့လည်း ဘုရားဖူးဧည့်သည်များ များပြားစွာ ဝင်ရောက်ဖူးမြော်ခဲ့ကြကြောင်း၊ တစ်ဖန် မန္တလေးမြို့ဝန်းကျင်ရှိ အထင်ကရ နေရာများအဖြစ် ဖန်တီးထားသည့် မြစ်ငယ်မြစ်ဘေးရှိ ရေကစားစခန်းများ၊ တောင်သမန်အင်း၊ ဦးပိန်တံတားသို့ သွားရောက်လည်ပတ်သူများလည်း စည်ကားများပြားလျက်ရှိကြောင်း တွေ့ရသည်။

 

1

 

ထို့ပြင် ပြိုင်ပွဲဝင်သံချပ်အသင်းများ၊ ယိမ်းအဖွဲ့များယှဉ်ပြိုင်ရာ မနော်ရမ္မံရပ် ပြည်သူ့ဟစ်တိုင်ကွင်းတွင် အားပေးသူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ဆုရအဖွဲ့များအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အေးမြ၊ မန္တလေး

 

1