မန္တလေး ၂၄ ဇွန်
မန္တလေးတောင် ဆုတောင်းပြည့်ရင်ပြင်တော်အနီးတွင် သုံးထပ်ဆွမ်းစားဆောင်အသစ် တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း မန္တလေးတောင်တော် ဂေါပကအဖွဲ့ဉက္ကဌ ဦးသိန်းထွန်း ထံမှ သိရသည်။
အဆိုပါ လုပ်ငန်းများကို မန္တလေးတောင်တော်ဂေါပကအဖွဲ့ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် တင်ဒါအဆိုပြုလွှာ၊ တင်ဒါတင်သွင်းခွင့်လျှောက်လွှာ၊ တင်ဒါစည်းကမ်းများနှင့် ဒီဇိုင်းပုံစံများအတွက် လျှောက်လွှာတစ်စုံလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် မန္တလေးတောင်တော် ဂေါပကအဖွဲ့ရုံးတွင် လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။
မန္တလေးတောင်တော် ဆုတောင်းပြည့်ရင်ပြင်တော်အနီးမှာ သုံးထပ်ဆွမ်းစားဆောင် တည်ဆောက်ရန် တင်ဒါလျှောက်လွှာတွေ တစ်စုံကို ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ရောင်းချနေပါတယ်၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မန္တလေးတောင်တော် ဩဝါဒစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ခွင့်ပြုချက်ရယူပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း(မန္တလေး)၊ မန္တလေးမြို့တော်စည်ပင်သာရေးကော်မတီ၊ သစ်တောဦးစီးဌာန နှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် ယခုလ ၂၀ ရက် မှ စတင်ကာ တင်ဒါ စတင်ရောင်းချလျက်ရှိပြီး ဇူလိုင် ၂၀ အထိ ရောင်းချသွားမည်ဖြစ်ကြောင်း၊ တင်ဒါတင်သွင်းရမည့် နေရာမှာ မန္တလေးတောင်တော် ဂေါပကအဖွဲ့ရုံးဖြစ်ပြီး ဇူလိုင် ၃၁ ရက်တွင် တင်ဒါပိတ်သိမ်းကာ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မန္တလေးတောင်တော် ဂေါပကအဖွဲ့ဉက္ကဌ ဦးသိန်းထွန်း က ပြောသည်။
“ဘယ်လောက်အကုန်အကျခံ ဆောင်ရွက်သွားမယ်ဆိုတာတော့ ပြောလို့မရသေးပါဘူး။ တင်ဒါခေါ်ယူထား တုန်းမို့ပါ။ အာရ်စီ သုံးထပ်ဆွမ်းစားဆောင် တည်ဆောက်သွားမယ်ဆိုတာပဲ ပြောလို့ရပါသေးတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ပင်လယ်ရေမျက်နှာပြင်အထက်(၇၇၆)ပေ အမြင့်တွင်တည်ရှိသော မန္တလေးတောင်ကို ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်၊ ဆေးဒန်းတောင်၊ မြင်းသီလာတောင်၊ ဒုတ္တာတောင်၊ ရေလှည့်တောင်၊ ကြေးနီတောင်၊ ဘီးလူးမတောင် ဟု အမည်တွင်သော တောင်ကိုးလုံးတို့ ဝိုင်းရံရစ်ပတ် စုပေါင်းတည်နေသောကြောင့် သဘာဝ အလှတရားများနှင့် ပြည့်စုံပြီး လာရောက်သူတိုင်း ကြည်လင်ရွှင်ပျရာ နေရာဖြစ်သောကြောင့် ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများပါ အထူးစိတ်ဝင်တစား လာရောက်လည်ပတ်သော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


