မန္တလေး ၁၇ ဒီဇင်ဘာ
ပင်လယ်ရေ မျက်နှာပြင်အထက် (၇၇၆) ပေ အမြင့်တွင်ရှိသော မန္တလေးတောင်ပေါ်ရှိ ဆုတောင်းပြည့် ရင်ပြင်ပေါ်တွင် နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားနေသော ပြည်တွင်းပြည်ပခရီးသွားများ ယခုလတွင် အထူးစည်ကားလျက်ရှိသည်။ မန္တလေးတောင်ကို ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်၊ ဆေးဒန်းတောင်၊ မြင်းသီလာတောင်၊ ဒုတ္တာတောင်၊ ရေလှည့်တောင်၊ ကြေးနီတောင်၊ ဘီးလူးမတောင် ဟု အမည်တွင်သော တောင်ကိုးလုံးတို့ ဝိုင်းရံရစ်ပတ် စုပေါင်းတည်နေသောကြောင့် လာရောက်သူများ သဘာဝအလှကို ကြည့်ရှုခံစားရင်း စိတ်ကြည်လင်ရွှင်ပြရာနေရာ ဖြစ်သည်ဟုသိရသည်။
''မန္တလေးတောင်ကို ယခုလမှာ ပြည်ပခရီးသွားတွေ လာရောက်လည်ပတ်တာ တော်တော်များတယ်၊ အဓိကကတော့ နေဝင်ဆည်းဆာ (Sunset) လာကြည့်တာပါ၊ မန္တလေးတောင်ပေါ်မှာရှိတဲ့ မြွေကြီး နှစ်ကောင်၊ ကျန်စစ်သားခြေရာ၊ စန္ဒာမုခိဘုရားနဲ့ တခြားနေရာတွေလည်း လေ့လာမှုများပါတယ်၊ ယခုရက်ပိုင်း ပြည်ပခရီးသွားများအနေဖြင့် နေဝင်ဆည်းဆာလာကြည့်တာ နေ့စဉ် (၅၀ဝ) ဝန်းကျင် လောက် ရှိပါတယ်’’ ဟု မန္တလေးတောင်ရင်ပြင်တော် ကြီးကြပ်ရေးမှူး ဦးတင်ဝင်းထံမှ သိရသည်။
ဗုဒ္ဓမြတ်စွာဘုရား၏ ဓါတ်တော်မွေတော် လေးမျိုးတည်ရှိရာ မန္တလေးတောင်ကို ရှေးမင်း အဆက်ဆက်တို့က တည်ထားကိုးကွယ်ခဲ့ကြသည်။ မြန်မာသက္ကရာဇ် (၁၀၁)ခုနှစ်တွင် ဒွတ္တပေါင်မင်း၊ သက္ကရာဇ် (၃၆၄)ခုနှစ်တွင် အနော်ရထာမင်း၊ သက္ကရာဇ်(၈၃၀)ခုနှစ်တွင် မင်းကြီးမဟာသီဟသူ၊ သက္ကရာဇ် (၁၁၆၇)ခုနှစ်တွင် အိမ်ရှေ့မဟာဥပရာဇာမင်း၊ သက္ကရာဇ် (၁၁၈၁)ခုနှစ်တွင် မှန်နန်းရှင် မင်းတရားကြီးနှင့် သက္ကရာဇ်(၁၂၂၁)ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးတို့ ဖြစ်ကြသည်။ မြန်မာ သက္ကရာဇ် (၁၂၆၉)ခုနှစ်တွင် ရသေ့ကြီးဦးခန္တီသည် မန္တလေးတောင်သို့ စတင်ရောက်ရှိပြီး ရှေးမင်းများ အဆက်ဆက် ဆောက်လုပ်လှူဒါန်းခဲ့သော သာသနိက အဆောက်အဦများကို သစ်သားမဖက်၊ သံ၊ အုတ်၊ အင်္ဂတေ တို့ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ကြကြောင်း မှတ်တမ်းများအရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


