မန္တလေး ၁၅ မေ 

 

မန္တလေးတောင်တော် ဆုတောင်းပြည့်ရင်ပြင်တော်ပေါ်သို့ ရဟန်းရှင်လူဘုရားဖူးများနှင့် လာရောက်လေ့လာသူများအား သက်တောင့်သက်သာဖြင့် တက်ရောက်ကာ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် အတက်အဆင်း တစ်ပြိုင်တည်း အသုံးပြုနိုင်သော စက်လှေကားအသစ်ကို တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ddf

 

လက်ရှိတပ်ဆင်အသုံးပြုနေသည့် စက်လှေကားသည် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ အိုရီရမ်တယ်ကုမ္ပဏီက မှာယူ၍ ရန်ကုန် ပြည်သူ့ဆောက်လုပ်ရေးအလုပ်ရုံက အင်ဂျင်နီယာများနှင့် မန္တလေး ပြည်သူ့ဆောက်လုပ်ရေး ဝန်ထမ်းများနှင့် ပူးပေါင်းတပ်ဆင်၍ အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် အတက်အဆင်းကို တစ်ပြိုင်တည်း အသုံးပြု၍ မရကြောင်း သိရသည်။

 

cgb

 

 

“အရင် တပ်ဆင်အသုံးပြုနေတဲ့ စက်လှေကားက နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်နေတဲ့အတွက် ပြုပြင်မွမ်းမံမှုတွေ လုပ်နေပေမယ့် သက်တမ်းက ကုန်နေပြီ။ နေ့ထူးနေ့မြတ်တွေမှာ လူအင်းအား များများနဲ့တက်နိုင်အောင် အခုလို အတက်အဆင်း တစ်ပြိုင်တည်းလုပ်နိုင်မယ့် နှစ်စင်းကို အစားထိုး အသစ်လဲလှယ်ပြီး အသုံးပြုဖို့ ကျွန်တော်တို့ ဂေါပကအဖွဲ့တွေ ညှိနှိုင်းတိုင်ပင်ဆုံးဖြတ်ပြီး မန္တလေးတောင်တော် သြဝါဒဆရာတော်တွေရဲ့ သဘောတူညီမှုနဲ့အတူ ဆောင်ရွက်မှာ ဖြစ်ပါတယ်’’ ဟု မန္တလေးတောင်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ(၁) ဦးလှမြင့်က ပြောသည်။

 

dfwe

 

 

အဆိုပါစက်လှေကားအသစ် နှစ်စီးကို တိုးမြှင့်ဆောင်ရွက်သည့်အခါတွင် အဆောက်အဦးကြံ့ခိုင်မှု ရှိ၊ မရှိကို မေလ ဒုတိယပတ်အတွင်းက စတင်စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး အဆိုပါ စစ်ဆေးတွက်ချက်မှုပေါ် မူတည်၍ စက်လှေကားအသစ်များကို တင်ဒါစနစ်ဖြင့် ကုမ္ပဏီများမှ စနစ်တကျ မှာယူတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ထို့ပြင် မန္တလေးတောင်တောင်ဂေါပကအဖွဲ့မှ မန္တလေးတောင်တော်ပေါ်ရှိ ဘုရားစေတီများ၊ သာသနိက အဆောက်အအုံများနှင့် စောင်းတန်းများ အစရှိသည့် နေရာများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

အောင်ဖြိုးကျော်