မန္တလေးတိုင်း အတွင်းရှိ စိုက်ပျိုးရေး တောင်သူများ အလုပ်အကိုင် ပိုမိုရရှိစေရန်အတွက် ကြယ်သုံးပွင့်စီမံကိန်း ဆောင်ရွက်မည်

မန္တလေး ၂၅ ဇန်နဝါရီ


မန္တလေးတိုင်းအတွင်းရှိ စိုက်ပျိုးရေးတောင်သူများ အလုပ်အကိုင် ပိုမိုရရှိစေရန်အတွက် ကြယ်သုံးပွင့်စီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါစီမံကိန်းတွင် တန်ဖိုးမြှင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဆင်းရဲနွမ်းပါးသည့် တောင်သူ ၄၀ဝ၀ ခန့်ကို အထွက်တိုးရေး ၊ ပိုးမွှားထိန်းချုပ်ရေး ၊ ဓာတ်မြေသြဇာသုံးစွဲရေး အစရှိသည်တို့ကို သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ ကြယ်သုံးပွင့်စီမံကိန်းကို ယူကေအစိုးရနိုင်ငံတကာဖွံဖြိုးရေးဌာန (DFID)၏ အစီစဉ်တစ်ခုဖြစ်သည့် DaNa Facility နှင့် အစားစာထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Snack Mandalay တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ 


"စီမံကိန်းကတစ်ဆင့် တောင်သူတွေဝင်ငွေ ပိုမိုရရှိရေး ၊ တည်ငြိမ်တဲ့ ဟင်းခတ် အမွှေးအကြိုင် ဈေးကွက်တစ်ခု ပေါ်ထွန်းလာပြီး လယ်ယာလုပ်ငန်းမှာ အမျိုးသမီးတွေ အလုပ်အကိုင် ပိုမိုရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု Snack Mandalay ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာပြည့်ဖြိုးအေးက ပြောသည်။ 


ဟင်းခတ်အမွေးကြိုင်ဈေးကွက်တွင် ဈေးကွက်မြင့်မား သည့်ပေါက်ဈေးရရှိရန် ၊ တောင်သူများထံမှ တိုက်ရိုက် ဝယ်ယူရရှိနိုင်ရန် ကြယ်သုံးပွင့်စီမံကိန်းက ဆောက်ရွက်မည်ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် ရောင်းချနိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါစီမံကိန်းတွင် တစ်လလျှင် မိသားစုဝင်ငွေ ၁၇၀ဝ၀ဝ အောက်ရှိသည့် တောင်သူများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်းခန့်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။ 


အိမို့မို့ခိုင်