မန္တလေး ၂၄ ဇန်နဝါရီ 

မန္တလေးတိုင်းအတွင်း လိုင်စင်မဲ့ ဧည့်လမ်းညွန်ပပျောက်ရေးအတွက် ရှောင်တစ်ခင် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးဧည့်လမ်းညွှန်အသင်းထံမှ သိရသည်။

အဆိုပါ လိုင်စင်မဲ့ ဧည့်လမ်းညွှန် အသုံးမပြုစေရေးနှင့် လိုင်စင်ရှိ ဧည့်လမ်းညွှန်များ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ကာကွယ်ရန်နှင့် ခရီးသွားလုပ်ငန်း စနစ်တကျ ဖြစ်ထွန်းစေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ 

"လိုင်စင်မဲ့ ဧည့်လမ်းညွှန် ပပျောက်ရေးအတွက် ဧည့်လမ်းညွှန် ဟုတ်၊မဟုတ် ရှောင်တစ်ခင် စစ်ဆေးမယ်။ လိုင်စင်မဲ့ ဧည့်လမ်းညွှန် အသုံးမပြုစေရန်အတွက် ဧည့်သည်များ သိရှိစေရန် ကြေညာမယ်။ ဆိုင်းဘုတ်ထောင်တာတို့ ပြုလုပ်မယ်။ လိုင်စင်မရှိဘဲ ဧည့်လမ်းညွှန် လုပ်နေတာတွေ့ခဲ့ရင် ဟိုတယ်ခရီးကနေ တစ်ဆင့် သတိပေးတာတွေ လုပ်မှာပါ။" ဟု မန္တလေးဧည့်လမ်းညွှန် အသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးက ပြောသည်။
 
ထို့ပြင် ခရီးသွားလုပ်ငန်းရှင်များ အနေဖြင့်လည်း လိုင်စင်မဲ့ ဧည့်လမ်းညွှန် အသုံးမပြုစေရန် အသိပညာပေးခြင်း လုပ်ငန်းများကို အပတ်စဉ် ပြုလုပ်မည်ဖြစ်ပြီး လုပ်ငန်းများကို မန္တလေး ဧည့်လမ်းညွှန် အသင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန၊ ခရီးသွားလုပ်ငန်း၊ ခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းတွင် လိုင်စင်ရထားသည့် ဧည့်လမ်းညွှန် ၇ဝဝ ကျော်ရှိကြောင်း မန္တလေးဧည့်လမ်းညွှန် အသင်းထံမှ သိရသည်။ 

သူရိန်လင်း