မန္တလေး ၂၃ ဇူလိုင်
မန္တလေးတိုင်း ဒေသကြီးအတွင်း ကန္တာရကျိုင်းကောင် အန္တရာယ်ကျရောက်ခဲ့ပါက စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ စိုက်ပျိုးရေးခြံများမှ ဆေးဖျန်းစက်ကြီးများဖြင့် ကာကွယ်နှိမ်နင်းသွားမည်ဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။
ယနေ့ကျင်းပပြလုပ်သည့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွတ်တော် ၁၉ ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့ အခမ်းအနားတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ရဲမြင့်က မေးမြန်းသည့် မန္တလေးတိုင်းဒေသကြီးတွင် ကန္တာရကျိုင်းကောင်(Desert Locust) ကျရောက်နိုင်မှုရှိ၊ မရှိနှင့်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားမှုအား သိရှိလိုသည့်ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် ယခုလိုထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“ကန္တာရကျိုင်းကောင်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံမှာ ဆိုးရွားစွာ ကျရောက်လျက်ရှိပါတယ် ဒါကြောင့် မြန်မာနိုင်ငံမှာ ကျိုင်းကောင် ဝင်ရောက်မလာခင်မှာ ကြိုတင် သတိပြုရမှာဖြစ်ပါတယ်။ ကန္တာရကျိုင်းကောင်အန္တရာယ် မကျရောက်ခင် ကြိုတင်ကာကွယ်ခြင်း ကျရောက်ချိန် ကာကွယ်နှိမ်နင်းနိုင်ရန် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနက ဆောင်ရွက်လျက်ရှိပါတယ်။ ကန္တာရကျိုင်းကောင် ဆိုးရွားစွာ ကျရောက် လာလျှင် စိုက်ပျိုးရေးဉီးစီးဌာနအောက်ရှိ ခြံများတွင်ရှိသည့်တဲ့ ဆေးဖျန်းစက်ကြီးများဖြင့် ကာကွယ်နှိမ်နင်းမှာ ဖြစ်ပါတယ်’ ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။
ကန္တရကျိုင်းကောင်များသည် ကီလိုမီတာများစွာကို အုပ်စုလိုက်ပျံသန်းနိုင်ပြီး သီးနှံများကို တစ်ခဏ အတွင်းမှာ ပြောင်သလင်းခါအောင် ဖျက်စီးတတ်တဲ့အလေ့အထရှိသည်။
သို့ပါသောကြောင့် မန္တလေးတိုင်းအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင်ရှိသည့် စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများဟာ ကန္တာရ ကျိုင်းကောင်အကြောင်းကို သေချာစွာခွဲခြားသိရှိရန်၊ ကန္တာရ ကျိုင်းကောင်ကို စနစ်တကျ ကြိုတင်ကာကွယ်ရန်အတွက် အသိပေးနှိုးဆော်စာနဲ့ လက်ကမ်း စာစောင်များကို ဖြန့်ဝေထားခြင်း၊ တောင်သူများအား အသိပညာပေး သင်တန်းများပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ထို့အပြင် ကန္တာရကျိုင်းကောင်များ ကျရောက်လာပါက စနစ်တကျထိရောက်စွာ ကာကွယ်ခြင်း၊ ကျိုင်းကောင် ကျရောက်မှုနည်းပါက တောင်သူများ၏ဆေးဖျန်းပုံးများနှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ဆိုးရွားစွာ ကျရောက်လာလျင် စိုက်ပျိုးရေးဉီးစီးဌာနအောက်ရှိ ခြံများတွင်ရှိသည့် ဆေးဖျန်းစက်ကြီးများဖြင့် ကာကွယ်နှိမ်နင်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ။ ချင်းပြည်နယ်တွင် တွန်းဇံ၊ ထန်တလျန်၊ ပလက်ဝ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဟုမ္မလင်း၊ တမူးအတွင်း ၊ ကချင်ပြည်နယ်တွင် ပူတာအို၊ မချမ်းဘောမြို့တို့သည် ကန္တာရကျိုင်းကောင် ဖြတ်သန်းဝင်ရောက်လာနိုင်တဲ့ ဒေသအဖြစ် စိုက်ပျိုးရေး မွေးမြူရေးနှင် ဆည်မြောင်းဝန်ကြီးဌာနမှ သတ်မှတ်ထားကြောင်း သိရသည်။
မေသက်ထား


