မြင်းခြံ ၁၀ မေ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက ဘုန်းကြီးကျောင်းများသို့ နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို မြင်းခြံမြို့ရှိ ဆုတောင်းပြည့် ကျောင်းတိုက်၊ ရတနာရာမ ကျောင်းတိုက်၊ ချောင်းဒေါင်းကျောင်းတိုက်နှင့် ဓမ္မဒီပကျောင်းတိုက်များသို့ မေ ၁၀ ရက် နံနက် ၁၁ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများဖြစ်ကြသော လူမှုရေးဝန်ကြီး ဦးအောင်ကြည်၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူတို့သည် ဆုတောင်းပြည့် ကျောင်းတိုက်၊ ရတနာရာမကျောင်းတိုက်၊ ချောင်းဒေါင်းကျောင်းတိုက်များတွင် ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်ခဲ့ကြသည်။ ထို့နောက် ဓမ္မဒီပကျောင်းတိုက်သို့ ရောက်ရှိပြီး ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဓမ္မဒီပကျောင်းတိုက်အတွင်းရှိ အာယုဘောဇနအသင်း အား ဆွမ်းကွမ်းအတွက် အလှူငွေ (၅) သိန်းကျပ်ကို ပေးအပ်လှူဒါန်းခဲ့သည်။ ဝန်ကြီးများနှင့် အဖွဲ့သည် ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းကိစ္စခက်ခဲမှု မရှိစေရေးနှင့် ကျန်းမာရေးကိစ္စ ကောင်းမွန်စေရေးတို့ကို လျှောက်ထား ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ ကျောင်းတိုက်များတွင် နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းရာသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)


