မန္တလေး ၁၈ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှုး၍ နွေရာသီအခြေခံ အားကစား သင်တန်းများကို မန္တလေးမြို့ရှိ သတ်မှတ်အားကစားကွင်း၊ အားကစားခန်းမ၊ အခြေခံပညာကျောင်းနှင့် ကစားကွင်းတို့၌ မတ် ၃ ရက်မှ ဧပြီ ၄ ရက်နေ့အထိ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
အဆိုပါ နွေရာသီ အခြေခံ အားကစား သင်တန်းများမှာ ဘောလုံး၊ တင်းနစ်၊ ပြေးခုန်ပစ်၊ အားကစား သင်တန်းများကို ရွှေမန်းတောင် အားကစားကွင်းတွင်လည်းကောင်း၊ ဘောလီဘော၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ အေရိုးဗစ်၊ Fitness Dance ဗထူးအားကစားကွင်း၊ အားကစားခန်းမ တို့၌လည်းကောင်း၊ မြန်မာ့သိုင်း၊ စစ်တုရင်သင်တန်းများကို ဗထူးအားကစားခန်းမ အနီးရှိ ဆပ်ကော်မတီရုံးခန်း နေရာ၌လည်းကောင်း၊ သေနတ်ပစ် အားကစားနည်းကို ချမ်းမြသာစည် အားကစားကွင်းရှိ သေနတ်ပစ်ကွင်း တွင်လည်းကောင်း၊ ကာယဗလ၊ ကာယကြံ့ခိုင်မှု၊ စားပွဲတင်တင်းနစ် သင်တန်းတို့ကို ဗထူးကာယဗလ လေ့ကျင့်ရုံနှင့် ဗထူးစားပွဲတင် တင်းနစ်သင်တန်း ခန်းမ၌လည်းကောင်း၊ ရိုးရာလက်ဝှေ့ သင်တန်းနှင့် ဘိလိယက်စနူကာ သင်တန်း၊ ဂျူဒိုသင်တန်းကို နန်းတွင်းဂျူဒိုရုံ တွင်လည်းကောင်း၊ ရေကူးသင်တန်းကို မန္တလာသီရိ ရေကူးကန်၌လည်းကောင်း၊ ရိုးရာခြင်းလုံး အားကစား သင်တန်းကို ဝါဆိုခြင်းလုံးရုံ တွင်လည်းကောင်း၊ ခရစ်ကက်အားကစားနည်းကို ချမ်းမြသာစည် မြို့နယ်ရှိ အထက ၂၆ နှင့် အထက ၃၀ တို့တွင်လည်းကောင်း၊ ကျွမ်းဘားသင်တန်း ၊ ဖူဆယ်ဘောလုံး သင်တန်းတို့ကို အားကာသိပ္ပံ ကျောင်း၌လည်းကောင်း၊ ပိုက်ကျော်ခြင်း သင်တန်းကို ၃၇X၇၁ ထောင့်ရှိ ဒဿဂီရိကလပ် တွင်လည်းကောင်း သက်ဆိုင်ရာ နေရာတို့တွင် အခမဲ့ဖွင့်လှစ်၍ သက်ဆိုင်ရာ နည်းပြများက သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းဝင်ခွင့် လျှောက်လွှာများကို တိုင်းအားကာနှင့် ခရိုင်အားကာရုံး တို့တွင် အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)