ငါ့သရောက် ၂၃ ဇွန် 

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အကူအညီဖြင့် ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ဒေသခံတောင်သူများအား မြေပဲမျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငါ့သရောက်မြို့ ဧရိယာရှိတောင်သူများ ဒေသနှင့်ကိုက်ညီပြီး ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် မြေပဲစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မကွေး(၁၆)အထွက်ကောင်း ပင်ထောင်မြေပဲမျိုးနှင့် ဆင်းပဒေသာ(၁၀)အထွက် ကောင်းပင်ထောင် မြေပဲမျိုးစေ့တင်း (၆၀၀)အား  စိုက်ပျိုးဧက ၁၀၀ အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အကူအညီဖြင့် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း  ငါ့သရောက်မြို့ စိုက်ပျိုးရေးမန်နေဂျာ ဦးအောင်မြင့်ထွေးက ပြောသည်။

 

အစားအသောက်များ ဘေးကင်းလုံခြုံစေရေးအတွက် မြေပဲစိုက်ပျိုးထုတ်လုပ်မှုတွင် လူနှင့်သက်ရှိသတ္တဝါများကို အသဲကင်ဆာနှင့် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားစေနိုင်သော (Aflatoxin)မှိုအား ဖယ်ရှားထုတ်လုပ်နိုင်ရေးအတွက် အစားအသောက် ဘေးကင်းလုံခြုံရေးစီမံကိန်း (Food Safety Project)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဖေလိန်း(ပုဂံ)