မန္တလေး  ၂၁   ဇွန် 


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန တစ်ခုတိုးချဲ့ဖွဲ့စည်းရန် ယနေ့ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၇ ခုရှိပြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနကို မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးက ကိုင်တွယ်ရပြီး ယခုအခါ ဝန်ကြီးအသစ်တစ်ဦး ခန့်ထားမည်ဖြစ်ကြောင်း သိရသည်။


‘အဓိကကတော့ လူ့စွမ်းအားအရင်းမြစ်ဌာနတစ်ခု ပီပီပြင်ပြင် ပေါ်လာစေချင်တယ်။ ဒီဌာနကနေ အလုပ်အကိုင် ရှာဖွေဖန်တီးရေး ဆောင်ရွက်ပေးမယ်။ လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ပိုပြီးအရေး ကြီးတဲ့အချိန် ရောက်လာတယ်။ မကြာခင် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူတွေ မကျန်အောင် ဖိဖိစီးစီးလုပ်မယ်’ ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။


မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် ဥပဒေအရ နိုင်ငံတော် သမ္မတ ဦးဝင်မြင့်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို အဆိုပြုလွှာ ပေးပို့ထားခြင်းဖြစ်သည်။ 


အဆိုပါဝန်ကြီးဌာနအတွက် ခန့်ထားမည့် ဝန်ကြီးနေရာတွင် ဌာနဆိုင်ရာတွင် အုပ်ချုပ်ရေး စွမ်းရည်ပြည့်ဝသူနှင့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ အရည်အချင်းရှိသူ စုစုပေါင်း ၃ ဦးကို သမ္မတရုံးတွင် တင်ပြထားကြောင်း သိရသည်။ အဆိုပါ ၃ ဦးထဲမှ သမ္မတက ရွေးချယ်သူ ဝန်ကြီးတစ်ဦးကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုချက် ရယူမည်ဖြစ်ကြောင်း သိရသည်။


အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်