၁၈ နိုဝင်ဘာ

 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် Pilot ကုမ္ပဏီမှ ဦးစီးကျင်းပပြုလုပ်သော U-10 ဘောလုံး ပြိုင်ပွဲကို ၈၁လမ်းနှင့် ၂၃လမ်းထောင့်ရှိ အ.မ.က(၂၁) ဘောလုံးကွင်းတွင် နိုဝင်ဘာ (၁၈)ရက် နံနက်(၈)နာရီက U-10 အောက် ကျောင်းသားများ၏ ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်သွားသည်။

 

အဆိုပါ ဘောလုံးပြိုင်ပွဲကို အားကစားသမားများဖြစ်ကြသော U-10 အောက် ကျောင်းသားများက ဘောလုံးကွင်းအတွင်း နေရာယူကြပြီးနောက် မြို့နယ်ပညာရေးမှူးနှင့်တကွ တာဝန်ရှိပုဂ္ဂိုလ်များ ကြွရောက် အားပေးချီးမြှင့်ကြသော ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ အားလုံးက နိုင်ငံတော်အလံ ကို အလေးပြုကြသည်။

 

အစီအစဉ်(၂)အရ အားကစားသမားများက အားကစားသမားသစ္စာအဓိဋ္ဌန် ရွတ်ဆိုသွားကြသည်။ အခမ်းနား အစီအစဉ်(၃)အရ အောင်မြေသာစံမြို့နယ် ပညာရေးမှူး ဒေါက်တာ စမ်းပပကျော် က အဖွင့်အမှာစကား ပြောကြားသွားသည်။ အခမ်းနားအစီစဉ်(၄)အရ pilot ကုမ္ပဏီမှ မန်နေဂျာ ဦးရဲဝင်းမျိုးက ဘောလုံးပြိုင်ပွဲ ကျင်းပပေးရခြင်းအကြောင်း အမှာစကားပြောကြားသွားပြီးနောက် ပြိုင်ပွဲဝင် အသင်း (၈)သင်းကို တစ်သင်းလျှင် ဘောလုံး(၁)လုံးစီ ပေးအပ်ချီးမြှင့်သွားသည်။

 

အခမ်းနား အစီစဉ်(၅)အရ အားကစားသမားများ ဘောလုံးကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ သွားကြပြီးနောက် ပွဲဦးထွက် ဘောလုံးပွဲစဉ်အဖြစ် အ.ထ.က(၁)ကျောင်းသားများနှင့် အ.ထ.က(၄) ကျောင်းသားတို့ ပြိုင်ပွဲဝင်ရန် ကွင်းအတွင်းသို့ နေရာယူကြသည်။

 

ထို့နောက် အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ဝင်းက ဘောလုံးကို ကွင်းအတွင်း ကန်သွင်းကာ ပထမပွဲစဉ်ကို စတင်ဖွင့်လှစ်ပေးလိုက်သည်။ အဆိုပါ ပွဲဦးထွက်ပွဲစဉ်တွင် အ.ထ.က(၁) က အ.ထ.က(၄) ကို (၆)ဂိုး (ဝ)ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို မနက်တစ်ပွဲ ညနေတစ်ပွဲ ယှဉ်ပြိုင်စေပြီး ဗိုလ်လုပွဲကို နိုဝင်ဘာ(၂၂)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးဝင်းဗိုလ် (အရာတော်)