မန္တလေး  ၅ သြဂုတ်


မန္တလေးတိုင်းဒေသကြီး အတွင်း၌ လာမည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၅၃၀ဝ အသုံးပြု၍ ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လျာထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ ဘဏ္ဍာနှစ်တွင် ယခုလက်ရှိ မိုးဥတု၌ မြစ်ရေတက်စဉ် ကာလအတွင်း ကမ်းပြိုမှု ဖြစ်ပွားသည့် ကျေးရွာများကိုလည်း ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


"ဒီနှစိမိုးကာလ ဇွန်လကနေ့ ယနေ့ထိ နှစ်လကျော်ကာလ အတွင်းမှာ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊ စဥ့်ကူးမြို့နယ်တို့တွေမှာတော့ မြစ်ကမ်းပြိုသည့် ကျေးရွာသုံးရွာခန့်ပဲ ဖြစ်ပွားခဲ့တယ်။ စိုးရိမ်ရသည့် အခြေအနေ မရှိခဲ့ပါဘူး။ နောက်နှစ် ဘဏ္ဍာနှစ်မှာ အဲ့ဒီရွာတွေကို ကာကွယ်မှုတွေ ပြုလုပ်သွားမယ်" ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း ပြောသည်။
    

ယခု ၂၀၁၉ ခုနှစ် မိုးကာလတွင် အရေးပေါ် ကမ်းပြိုသည့် ကျေးရွာများ ရှိလာပါက ဒေသခံများ၏ အင်အားဖြင့် အရေးပေါ် ဆောင်ရွက်ရမည့် သဲအိတ်၊ သစ်ကိုင်းချခြင်း၊ ကြိုးများ၊ ဆာလာအိတ်ခွံများနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း၊ အရေးပေါ် ကမ်းပြိုမှုဖြစ်သည့် ကျေးရွာတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း လုပ်ဆောင်ရန် လိုအပ်ပါက အနီးဆုံး ဘတ်ဂျက်နှစ်၌ ထည့်သွင်းတောင်းခံပေးသွား မည်ဖြစ်ကြောင်း သိရသည်။


လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၁မြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ တွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် လျာထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကလည်း မန္တလေးတိုင်းဒေသကြီးအတွင်း မြစ်ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများကို ကျေးရွာ ၁၅ ရွာနှင့် ရေလမ်းကြောင်းကောင်းမွန်ရေး လုပ်ငန်း လေးခုကို ဧရာဝတီမြစ်အတွင်း  စဉ့်ကူး၊ မတ္တရာ၊ ကသာနှင့် မြင်းခြံမြို့နယ်တို့တွင် ငွေကျပ် သန်း ၅၂၀ဝ အသုံးပြု၍ လုပ်ဆောင်ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။


သူရိန်လင်း