မန္တလေး ၁၃ သြဂုတ်


မန္တလေးတိုင်းဒေသကြီး မြို့နယ်ခြောက်မြို့နယ်တွင် ယခုနှစ် စက်တင်ဘာလအတွင်း ရာနှုန်းပြည့်မီးလင်းရန် လျာထားကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီမှ သိရသည်။

 

1

 


မန္တလေးတိုင်း ဒေသကြီးအတွင်းတွင် မြို့နယ် ၂၈ မြို့နယ်ရှိပြီး လာမည့် စက်တင်ဘာလ အတွင်းတွင် စဉ့်ကိုင်၊ ကျောက်ဆည်၊ တံတားဦး၊ နွားထိုးကြီး၊ မြင်းခြံ၊ အမရပူရမြို့နယ်တို့တွင် ရာနှုန်းပြည့်မီးလင်းနိုင်ရေး လျာထားကြောင်း သိရသည်။


“မန္တလေးတိုင်းဒေသကြီးမှာ လျှပ်စစ်မီးသုံးစွဲတဲ့သူတွေက တစ်နှစ်ပြီးတစ်နှစ် တိုးတိုးနေတယ်။ အဲ့လို တိုးလာတာတွေ များတော့ မီးမရရှိသေးတဲ့ မြို့နယ်တွေ ကျေးရွာတွေကို ရာနှုန်းပြည့် မီးလင်းဖို့ စီမံကိန်းချပြီး ဆောင်ရွက်နေပါတယ်။ လျှပ်စစ်မီးရရှိဖို့ လက်ရှိစီမံချက်တွေနဲ့ လုပ်နေတဲ့ကျေးရွာပေါင်းက ရှစ်ရာလောက် ရှိပါတယ်” ဟု အဆိုပါကော်မတီဥက္ကဋ္ဌ ဦးလှိုင်ဝင်းက ပြောပြသည်။


လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အားလုံး ရာနှုန်းပြည့် မီးလင်းနိုင်ရေး လျာထားပြီး အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NPE) ပထမအဆင့်အနေဖြင့် မန္တလေးခရိုင်၊ ပြင်ဦးလွင် ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်နှင့် ရမည်းသင်းခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၃၉၀ ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါ ကျေးရွာပေါင်း ၃၉၀ အနက် ကျေးရွာပေါင်း ၁၄၈ ရွာကို ၂၀၁၉ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း လျှပ်စစ် ဓာတ်အားရရှိရန် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာပေါင်း ၂၄၂ ရွာကို ၂၀၁၉ ခုနှစ် မေလမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ အတွင်း လျှပ်စစ်ဓာတ်အားရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာစုစုပေါင်း (၄၇၈၀) ရှိသည့်အနက် (၃၅၁၅) ရွာတွင် လျှပ်စစ်မီးသုံးစွဲနေပြီး ကျန်ရှိနေသည့် ကျေးရွာများသည် ကိုယ့်အားကိုယ်ကိုး မီးလင်းရေးဆောင်ရွက်မှုမှာ တစ်နှစ်လျှင် ကျေးရွာပေါင်း ၄၀ မှ ၁၀ဝ ကြားရှိသည့်အပြင် အစိုးရရန်ပုံငွေဖြင့်လည်း တစ်နှစ်လျှင် ကျေးရွာပေါင်း ၁၄၀ ကျော် မီးလင်းရေး ဆောင်ရွက်ပေးလျှက်ရှိကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ  သိရသည်။

 
သူရိန်လင်း