မန္တလေး ၁၂ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက် ၈ နာရီက ချမ်းအေးသာစံမြို့နယ် Oriental House တွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက် အမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က '' စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မိဘပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ ဘာလုပ်ပေးနိုင်သလဲဆိုသည့် အသိစိတ်စေတနာထားရှိစေလိုပြီး တာဝန်သိတတ်သည့် စီးပွားရေးနှင့် Green & Clean , Economy ဖြစ်ရမည်ဆိုသည့် အချက်ပြည့်စုံရန်အတွက်လည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်အားလုံးသည် တိုင်းပြည်၏ အရေးကြီးသည့် ကဏ္ဍတွင် ပါဝင်သည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းရှင်ရှိ၍ လုပ်ငန်းရှင်လို့ ခေါ်ဆိုပြီး လုပ်ငန်းများအပေါ်တွင် မှီခိုနေသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းရှင်များ၌ တာဝန်ရှိပါကြောင်း၊ စီးပွားရေးအောင်မြင်ရန် ဆောင်ရွက်သည့်နည်းတူ ငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့လည်း လူတိုင်းမှာ တာဝန်ရှိပါကြောင်း၊ အဖွဲ့အစည်းများ တိုးတက်ခြင်းသည် ဒီမိုကရေစီကို ခိုင်မာအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ အစိုးရက တတ်နိုင်သမျှ စီးပွားရေးလုပ်ငန်းများတွင် လက်ရှောင်နေသင့်ပါသည်ဟု မိမိခံယူထားကြောင်း၊ မိမိတို့နိုင်ငံတွင် တည်နေရာအခြေအနေ သဘာဝအရင်း အမြစ်၊ လူသားအရင်းအမြစ်၊ ဆောင်ရွက်နိုင်သည့် အလားအလာများဖြစ်ရှိနေသည့်အပြင် လူသားအရင်းအမြစ် တွင် အခြားနိုင်ငံများနည်းတူ စွမ်းဆောင်နိုင်သည့် အရည်အသွေးများလည်း ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရန်ဆိုသည် ဦးတည်ချက်ဖြင့် အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကိုကိုထွေးကလည်း မြန်မာနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအသင်းအနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုရန်အတွက် နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းရှင်များကို ပေါင်းကူးတံတားသဖွယ် လွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်ရန်၊ စီးပွားရေးလုပ်ငန်းများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဆက်သွယ်နိုင်ခြင်းဖြင့် စီးပွားရေး လုပ်ငန်းရှင်၏ လိုအပ်ချက်ကို အလွယ်တကူ ဖြည့်ဆည်းနိုင်ရန်၊ စီးပွားရေးလုပ်ငန်းတိုင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရန်အတွက် နည်းပညာ၊ နည်းစနစ်များ မှန်ကန်မြန်ဆန်စွာ ရရှိရန်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို ဦးဆောင်ဦးရွက်ပြုသည့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းကို တည်ထောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းရှင်များ အသင်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌမှ အသင်းဖွဲ့စည်းရခြင်းအကြောင်း ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်းကို ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး ယခု မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်နိုင်ပြီး ကျန်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင်လည်း ဆက်လက်ဖွင့်လှစ် သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


