နေပြည်တော် ၁၀ မေ
ပုဇွန်တောင်မြို့နယ်နေ ဉီးအောင်မျိုးဉီးပိုင် Probox ယာဉ်အား ဧပြီ ၂၅ ရက်တွင် မန္တလေးမြို့သို့ အမည်မသိသူမှ ငှားရမ်းသဖြင့် လိုက်ပို့ခဲ့ရာ ပလိပ်မြို့၊ Danko ဆီဆိုင်တွင် ညအိပ် ရပ်နားခဲ့စဉ် ကားငှားသူမှ ခိုးယူမောင်းနှင်သွားသဖြင့် ပလိပ်မြို့မရဲစခန်းမှ အမှုရေးဖွင့်ထားရှိခဲ့သည်။
ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ်နေ ကိုလှထွန်း(ခ)မော်ဂမန်၏ Probox ယာဉ်အား မေ ၃ ရက်တွင် မန္တလေးမြို့သို့ အမည်မသိသူမှ ငှားခဲ့ပြီး လိုက်လံပို့ဆောင်စဉ် အမရပူရမြို့နယ်၊ ABC စတိုးဆိုင်၌ရပ်နားပြီး ဈေးဝယ်နေစဉ် ကားငှားသူမှ ခိုးယူမောင်းနှင်သွားသဖြင့် မြစ်ငယ်နယ်မြေရဲစခန်းမှ အမှုရေးဖွင့်ထားရှိခဲ့သည်။
အမှုအား အမရပူရမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စဉ့်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ပြီး အနီးတစ်ဝိုက်ရှိ ကျေးရွာများ၊ နီးစပ်ရာရဲစခန်းများသို့လည်း ကားပျောက်ဆုံးမှုသတင်းအား ဖြန့်ဝေခဲ့ရာ မေ ၃ ရက်တွင် တာဝန်သိပြည်သူများမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူတစ်ဉီးအား အမြန်လမ်းမကြီးဘေးတွင် ပျောက်ဆုံးသွားသော မော်တော်ယာဉ်နှင့်အတူ မသင်္ကာဖွယ်ရာ တွေ့ရှိရကြောင်း သတင်းပေးချက်အရ စဉ့်ကိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူ အောင်ဇော်လင်းဉီး (၂၈)နှစ် မြောင်းမြမြို့နေသူအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ရာမှ အထက်ပါအမှု(၂)မှုမှ ကား(၂)စီးအား ယာဉ်မောင်းသူများမှ အိပ်ပျော်နေစဉ်နှင့် ဈေးဝယ်နေစဉ် သော့တန်းလန်းထားခဲ့ရာမှ မောင်းယူထွက်ပြေးခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံ ပစ္စည်းကား(၂)စီးအား အမှုဖြင့် ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
ပြစ်မှုကျူးလွန်သူမှာ အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ ဆက်လက်ဖော်ထုတ်လျက်ရှိပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်