မိုးကုတ် ၂၂ စက်တင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်ရယူ ဆောင်ရွက်ပြီး နိုင်ငံခြားသား ဧည့်သည်များ မိုးကုတ်မြို့ (ကန့်သတ်နယ်မြေ) သို့သွားရောက်နိုင်ကြောင်း သိရသည်။ ခရီးသွား ကုမ္ပဏီများအနေဖြင့် ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ တရားဝင် နေထိုင်ခွင့်သက်တမ်းရှိ နိုင်ငံကူးလက်မှတ်မိတ္တူ သွားရောက်လိုသည့် နေ့ရက်နှင့်ကာလ စီးနင်းမည့်ယာဉ် တည်းခိုမည့်လိပ်စာ အတူလိုက်ပါမည့် လိုင်စင်ရ ဧည့်လမ်းညွန်၏ အမည်၊ ကိုယ်ရေးအချက်အလက်နှင့် လိုင်စင်မိတ္တူ၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က တားမြစ်ထားသော ကိစ္စရပ်များကို ဆောင်ရွက်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခံရမည်ကို သိရှိကြောင်း ကတိဝန်ခံချက် တာဝန်ခံဆောင်ရွက်မည့် ခရီးသွားကုမ္ပဏီ၏ သက်တမ်းရှိ လိုင်စင်မိတ္တူ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ဖော်ပြ၍ လျှောက်ထားနိုင်သည်။

 

မိုးကုတ်မြို့သို့ သွားရောက်ရန် မန္တလေး-မတ္တရာ-သပိတ်ကျင်း-မိုးကုတ် ကားလမ်းတစ်ခုတည်း ကိုသာ သွားလာခွင့်ပြုသည်။ ကုမ္ပဏီပိုင်ယာဉ် (သို့) အငှားယာဉ်ဖြင့်သာ ခရီးသွားရမည်ဖြစ်ပြီး ဆိုင်ကယ် သုံးဘီးယာဉ်၊ စက်ဘီး ခြေလျင်ခရီးသွားလာခြင်း ခွင့်မပြုဘဲ ဧည့်လမ်းညွန်ပါ တပါတည်း အတူလိုက်ပါရမည် မိုးကုတ်မြို့ပေါ်နှင့် မြို့တွင်းခရီစဉ်များသာ ခွင့်ပြုပြီးကန့်သတ် ဧရိယာကျော်လွန် လည်ပတ်ပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုချက်မရှိ သတင်းအချက်အလက်များ မေးမြန်းခြင်း မီဒီယာလုပ်ငန်းများ မပြုလုပ်ရန် စည်းကမ်းသတ်မှတ်ထားသည်။

 

ခရီးသွားကုမ္ပဏီများအနေဖြင့် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးသို့လိပ်မူ၍ လျှောက်လွှာများအား ဟိုတယ်နှင့် ခရီးသွားလာရေးညွန်ကြားမှု ဦးစီးဌာနအမှတ် (၂၁၁)၊ ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား ချမ်းအေးသာစံမြို့နယ်သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။    
                             

မောင်ပြည်သူ(မန္တလေး)