စဉ့်ကိုင် ၂၉ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ဟိုတယ်၊ မိုတယ်တည်းခိုခန်းများ၊ စတိုးဆိုင်များ၊အရောင်းဆိုင်များ၊စားသောက်ဆိုင်များ၊ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရာတွင် သတ်မှတ်ထားသည့်စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်၀င်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ထွန်း၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဌ ဦးရွှေခိုင်၊ စည်ပင်အမှုဆောင်အရာရှိ ဦးလှ၀င်း ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးမှူး ဒေါက်တာ အေးလွင်နှင့် အဖွဲ့၀င်များ ပူးပေါင်းပါ၀င်ခဲ့ကြပြီး ရှေးဦးစွာ ဟိုတယ်၊ မိုတယ်များ တည်းခိုခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ /မရှိ၊ အသုံးပြုရမည့်ပစ္စည်းများ ထားရှိခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
စတိုးဆိုင်များ၊ အရောင်းဆိုင်များကို ဆက်လက်စစ်ဆေးရာ စတိုးဆိုင်များတွင် ဆိုင်အတွင်း မ၀င်ခင်လက်ကို စနစ်တကျ သန့်ရှင်းစွာ၀င်ရောက်နိုင်ရေး၊ စျေး၀ယ်များကို ( ၃ ) ပေအကွာဖြင့် စီစဉ်ပေးထားခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ရောင်းသူ/၀ယ်သူများတွင် နှာခေါင်းစည်း MASK များ တပ်ဆင်ခြင်း ရှိ / မရှိ ၊ စားသောက်ဆိုင်များတွင်လည်း သန့်ရှင်းသပ်ရပ်စွာ ရောင်းချခြင်း ရှိ /မရှိ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ /မရှိကို စစ်ဆေးခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)


