မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နှင် အောင်မြေသာစံမြို့နယ်တို့တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက် ည ၉ နာရီခွဲတွင် သတင်းအရ ကျောက်ဆည်မြို့နယ်၊ ရဲရွာအနီး၊ ကားလမ်းဘေးတွင် AD Van မော်တော်ယာဉ်မောင်းနှင်သူ ကျော်ဇင်လင်းကို ၎င်းသယ်ဆောင် လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅,၅၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလိုနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများအား ပြင်ဦးလွင်မြို့နယ်မှ ပြည်ကြီးတံခွန်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း၊

အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၁ လမ်း၊ ၈၆ × ၈၇ လမ်းကြားတွင် နေမျိုးအောင်ကို Foton  ၆ ဘီး ယာဉ်တစ်စီးနှင့်လည်းကောင်း၊ မင်းမင်းဦးကို ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း တွေ့ရှိသဖြင့် ရှာဖွေရာ မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၆၉ ကီလို၊ ဘိန်း ၈ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

 

mdn