ဝမ်းတွင်း ၂၃  ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဝမ်းတွင်းမြို့နယ်အတွင်းရှိ သဲတော-ရိုးစုံ တံတားသစ် ဖွင့်ပွဲအား တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

အခမ်းအနားတွင် သဲတော-ရိုးစုံ တံတားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနီအောင်၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်ဆိုင်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

သဲတော-ရိုးစုံတံတားသည် သံကူကွန်ကရစ်ယက္မ၊ သံကူကွန်ကရစ် ကြမ်းခင်းအမျိုးအစားဖြစ်ပြီး တံတားအရှည် ၂၄၀ ပေ၊ အကျယ် ၆၀ ပေရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် ပေ နှစ်ဖက်ပါရှိပြီး ၂၀၁၈-၂၀၁၉ တိုင်းဒေသကြီး သဘာဝဘေးရန်ပုံငွေကျပ် ၆၀၅ ဒသမ ၀၀ သန်းအကုန်ကျခံကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့()မှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတံတားကြီး ဖွင့်လှစ်ပေးနိုင်ခြင်းကြောင့် ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခင်ဘန်း-ဆူးပန်းလမ်းပေါ်ရှိ ဆူးပန်းတံတား (စမုံချောင်း) သံကူကွန်ကရစ်ယက္မနှင့် သံကူကွန်ကရစ် ကြမ်းခင်းတံတား အရှည် ၂၇၀ ပေ၊ အကျယ် ၂၀ ပေ ဖွင့်လှစ်ခြင်းနှင့် ဂုဏ်ရွာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ဌေးလှိုင်(ပြန်/ဆက်)