နေပြည်တော် ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ဇူလိုင်လ ၁၁ ရက်နေ့က ဘဏ်မှငွေကျပ် သိန်း ၄၈၀၀ ထုတ်ယူလာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်ကာ လုယက်ယူဆောင်ခဲ့သဖြင့် ငွေထုတ်ပြန်လာသူများအနက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်နေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ မနော်ဟရီလမ်းနှင့် ၅၀ လမ်းထောင့်နေ ဦးအောင်ကျော်ဦး (၆၁) နှစ်သည် မိသားစုဝင် ၇ ဦးနှင့်အတူ ၎င်းပိုင် MDY 9Q-6272 SUZUKI Ertiga အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ “MAB မြန်မာ့ရှေ့ဆောင်” ဘဏ်မှ ငွေကျပ်သိန်း ၄၀၀၀ နှင့် ၆၂ လမ်း၊ ၁၁၃ လမ်းနှင့် ၁၁၄ လမ်းကြားရှိ CB ဘဏ်တို့မှ ငွေကျပ် သိန်း ၈၀၀ တို့အား သွားရောက်ထုတ်ယူပြီး နေအိမ်သို့ပြန်လာစဉ် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန် နေအိမ်ရှေ့အရောက်၌ ၎င်းတို့၏အနောက်မှ လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးမှ အရှေ့မှပိတ်ရပ်ကာ အဆိုပါယာဉ်ပေါ်မှ အကြမ်းဖက်သမားအမျိုးသား ၄ ဦးက ဦးအောင်ကျော်ဦးတို့စီးနင်းလာသည့် မော်တော်ယာဉ်အား မောင်းနှင်လာသည့် ၎င်း၏သမီးဖြစ်သူ မခင်ရတနာအောင် (၂၀) နှစ်အား သေနတ်ဖြင့်တစ်ချက်ပစ်ခတ်ကာ ယာဉ်ပေါ်ပါသူများအား ယာဉ်ပေါ်မှဆွဲချ၍ Ertiga မော်တော်ယာဉ်နှင့် ယာဉ်ပေါ်တင်ဆောင်လာသည့် ငွေကျပ်သိန်း ၄၈၀၀ တို့အား လုယူထွက်ပြေးသွားခဲ့သဖြင့် မခင်ရတနာအောင်တွင် ဝဲချိုင်း အောက်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှုခံယူနေစဉ် ရရှိထားသောဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှုကျူးလွန် ခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ MDY 9Q-6272 SUZUKI Ertiga မော်တော်ယာဉ်အား လမ်း ၅၀ နှင့် ၁၀၇ လမ်းထောင့်၌ ရပ်တန့်ထားသည်ကို တွေ့ရှိရသဖြင့် ယာဉ်အတွင်းစစ်ဆေးရှာဖွေခဲ့ရာ ယာဉ်အတွင်းမှ ပလပ်စတစ်အိတ်အနက်ရောင်ဖြင့် ထုပ်ထားသည့် ငွေကျပ်သိန်း ၈၀၀ ခန့်အား ပြန်လည်တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ လုယက်မှုကျူးလွန် ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်