နေပြည်တော် ဇူလိုင် ၁၃

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား ပြုလုပ်လျက်ရှိသည်။

ထိုသို့ပြုလုပ်လျက်ရှိရာတွင် ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ်၊ တဲကြီးကျေးရွာရှိ “စိတ္တသုခ” ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးကုသလ သက်တော်(၅၅)နှစ်၊ ဝါတော်(၃၅)သည် ကျောင်း၌သီတင်းသုံးနေထိုင်စဉ် PDF အမည်ခံ အကြမ်းဖက်သမား ၄ ဦးက ကျောင်းဝင်းအတွင်းသို့ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဆရာတော် ဥူးကုသလအား “ဒလန်” ဟုစွပ်စွဲကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဆရာတော်၏ လည်ပင်း၌ ကျည်ထိမှန်ဒဏ်ရာတစ်ချက် ရရှိကာ ပျံလွန်တော်မူခဲ့သည်။

အကြမ်းဖက်သမားများ၏ အကြောင်းမဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၁ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီ ဖြစ်ကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ သံဃာတော်အား ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်