နေပြည်တော် ဇန်နဝါရီ ၁၃

 

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ် မဟာနွယ်စဉ်ရပ်ကွက် လမ်း ၄၀၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ခွဲ (၃၇) ၌ ဇန်နဝါရီ ၁၁ ရက် မွန်းလွပိုင်းတွင် လုယက်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကမ္ဘောဇဘဏ်ခွဲ (၃၇) အတွင်းသို့ ပြောက်ကျားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် အနက်ရောင်ဝတ်ဆင်ထားသူ အမျိုးသား တစ်ဦး (စိစစ်ဆဲ) က ငွေလွှဲ/ငွေထုတ် ပြုလုပ်ဟန်ဆောင်ကာ ဝင်ရောက်လာပြီး ဘဏ်ကောင်တာ အမှတ် (၄) ရှေ့အရောက် အသင့်ယူဆောင်လာသည့် သေနတ်ဖြင့် ဘဏ်ဝန်ထမ်းများအား ချိန်ရွယ် ခြိမ်းခြောက်၍ ၎င်းလွယ်လာသည့် ကျောပိုးအိတ်အတွင်း ငွေများအား ထည့်ခိုင်းကာ လုယက်ယူဆောင်၍ ဘဏ်အတွင်းမှ ပြန်လည်ထွက်ခွာစဉ် ဘဏ်ဝန်ထမ်းများနှင့် တာဝန်သိပြည်သူများက လုယက်သူအမျိုးသားအား ဝင်ရောက်လုံးထွေးဖမ်းဆီးရာ ၎င်းမှသေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သဖြင့် ဒုမန်နေဂျာဖြစ်သူ ဦးလမင်းကိုကို၏ ဝဲဘက်လက် ကျည်ထိမှန်ဒဏ်ရာရရှိ ခဲ့ပြီး လုယက်မှုကျူးလွန်သူ တရားခံ အောင်ပြည့်ဖြိုး (ခ) ရောင်နီ (၃၂) နှစ်၊ (ဘ) ဦးညီညီ၊ မှန်တန်းရပ်ကွက် အမရပူရ မြို့နယ်နေသူအား လက်လုပ်ပစ္စတို သေနတ်တစ်လက်၊ ၉မမကျည် ငါးတောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံအောင်ပြည့်ဖြိုး(ခ) ရောင်နီအား မဟာအောင်မြေမြို့နယ် အမှတ်(၉)နယ်မြေရဲစခန်း၌ (ပ)၁၁/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၀၇ ဖြင့် အမှု ဖွင့်လှစ်စစ်ဆေးခဲ့သည်။

 

ဖမ်းဆီးရမိသူ တရားခံ အောင်ပြည့် ဖြိုး (ခ) ရောင်နီ၏ ထွက်ဆိုချက်အရ ဇန်နဝါရီ ၁၁ ရက် ည ၆ နာရီ ၅ မိနစ်တွင် ၎င်း၏မိဘနေထိုင်ရာ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ နေအိမ်အား သွားရောက် ရှာဖွေခဲ့ရာ နေအိမ်ရှိ အိမ်သာအမိုးကြားမှ လက်လုပ်သေနတ်အတို နှစ်လက်၊ ဂျင်ကလိ ၁၈ ချောင်း၊ တီရှပ်အင်္ကျီတစ်ထည်တို့ကိုလည်းကောင်း၊ ည ၆ နာရီ မိနစ် ၂၀ တွင် ၎င်းငှားရမ်းနေထိုင်သည့် အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ၉ မမကျည် ၁၈ တောင့်၊ MDY 1W/59983 စူပါကတ်အမျိုးအစား ဆိုင်ကယ်တစ်စီးတို့ကို လည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သည်။

 

ဆက်လက်၍ တရားခံ အောင်ပြည့်ဖြိုး (ခ) ရောင်နီအား စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၂၁ ခုနှစ် ၆ လပိုင်းခန့်က ခင်မင်ရင်းနှီးသူ ကိုနိုင်ဦး (ခ) ကိုဦး (ခ) လောင်ချာ (စိစစ်ဆဲ) နှင့်အတူ စဉ့်ကိုင်မြို့နယ် တဘတ်စွဲကျေးရွာအနီးရှိ သရက်ခြံအတွင်း ဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်၊ ခဲယမ်းများနှင့် နေအိမ် များ၌ ထပ်မံရှာဖွေသိမ်းဆည်းရမိသည့် လက်နက်၊ ခဲယမ်းများအား ကိုနိုင်ဦး (ခ) ကိုဦး (ခ) လောင်ချာထံမှ ဖုန်းဖြင့် ချိတ်ဆက်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကိုနိုင်ဦး (ခ) ကိုဦး (ခ) လောင်ချာထံ ဖုန်းဖြင့် ဆက်သွယ်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့သို့ ငွေများအားအကြိမ်ကြိမ် ထောက်ပံ့ခဲ့ကြောင်းနှင့် အကြမ်းဖက်အဖွဲ့သို့ ထပ်မံငွေကြေးထောက်ပံ့ပေးရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ် (၃၇) အား ဝင်ရောက်ပစ်ခတ်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ အောင်ပြည့်ဖြိုး (ခ) ရောင်နီသည် PDF အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းအကြမ်းဖက်အဖွဲ့သို့ ငွေကြေးထောက်ပံ့ရန်ရည်ရွယ်၍ ကမ္ဘောဇဘဏ် (၃၇) အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဝင်ရောက်လုယက်ခဲ့မှုကြောင့် ဘဏ်ဝန်ထမ်းတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ၎င်းအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

သတင်းစဉ်