နေပြည်တော်၊ ဒီဇင်ဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ငွေကျပ် တစ်ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိပြီး ကွင်းဆက်အရ မြဝတီမြို့တွင် မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် နံနက် ၇ နာရီတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂) ရပ်ကွက်၊ ၄၂ လမ်းနှင့် ၆၀ (c) လမ်းထောင့်တွင် သတင်းအရ ဇွန်ကိုလတ် နှင့် မခင်လဲ့ရည်ဖြိုး (ခ) နန်းမိငယ် တို့အား ရှာဖွေရာ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ပြီး ထိုနေ့ နံနက် ၁၀ နာရီတွင် အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ စာတိုးကျေးရွာရှိ ၎င်းတို့၏ နေအိမ်ကို ဆက်လက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ကွင်းဆက် ဖော်ထုတ်ချက်အရ ယင်းနေ့ည ၉ နာရီခွဲတွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းရှိ တည်းခိုခန်းကို ဝင်ရောက်ရှာဖွေရာ စိုင်းလောင်ခမ်း (ခ) ဝမ်ရှီတာ (ခ) ဝတုတ်၊ နေထွန်းလှ (ခ) အိုက်ရင်၊ အောင်ကိုထွေး (ခ) ကိုစိုင်း နှင့် ကျင်ချန်း (ခ) လီကျင်ချန်းတို့ လေးဦးကို ပစ္စတိုသေနတ် ၁၉ လက်၊ ၎င်းကျည်အိမ် ၂၄ ခု၊ AK-47 သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ 9MM ကျည် ၁၆ တောင့်နှင့် LEXUS မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထပ်မံစစ်ဆေး ဖော်ထုတ်ချက်အရ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဓနလမ်းရှိ အဟုန် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ရဲထက်ကျော် (ခ) ကျန်ချင်ဟိန်း နှင့် ဟိန်းဆွေ (ခ) ကွမ်ထုန် (ခ) ကတုံး တို့ နှစ်ဦးကို အိုက်စ်  သုံးကီလို၊ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၉ ကီလို၊ ၁၂ ဗို့သေနတ် သုံးလက်၊ ၎င်းကျည်အိမ် ကိုးခု၊ ကာဘိုင် လေးလက်၊ AK-47 ကိုးလက်၊ ၎င်းကျည်အိမ် ရှစ်ခု၊ ပစ္စတိုသေနတ် နှစ်လက်၊ ၎င်းကျည်အိမ် လေးခု၊ ပစ္စတိုအသံတိတ်ကိရိယာ သုံးခု၊ ဆက်စပ်ကိရိယာများနှင့် ကျည်မျိုးစုံ အတောင့် ၂,၂၀၀ တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့လည်းကောင်း၊ သိမ်းဆည်းရမိ လက်နက်/ ခဲယမ်းများကို ကရင်ပြည်နယ်၊ မြဝတီမြို့မှ ရှမ်းပြည်နယ်၊ လားရှိုးမြို့သို့လည်းကောင်း သယ်ဆာင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းသည်။

 

သတင်းစဉ်