မန္တလေး ၂၆ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် Iron Men Group မှ ရှာဖွေကယ်ဆယ်ရေးသုံး ရာဘာလေသွင်းလှေ သုံးစီး ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လှူဒါန်းပွဲတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးရုံး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးအတွက် လူအင်အား ခေတ်မီစက်ကိရိယာများနှင့် နည်းပညာရပ်များ လိုအပ်ပြီး ၎င်းတို့အနက် လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးမှု အလွန်အားကောင်းမှု ရှိနေသည့်အပြင် မန္တလေးဒေသခံပြည်သူများ မှလည်း မီးသတ်တပ်ဖွဲ့အား ယုံကြည်အားကိုးစွာ လိုအပ်နေသည့် ကယ်ဆယ်ရေးသုံး ပစ္စည်းများအား လှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းနှင့် ပြည်သူများ ယုံကြည်အားကိုးသည့် မီးသတ်တပ်ဖွဲ့ဖြစ်စေရန် ကြိုးစားဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် Iron Men Group မှ ဦးအောင်ကျော်ကလည်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက တက်ကြွစွာ ဆောင်ရွက်ပေးနေသည့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များမှ ရေဘေးသင့်ပြည်သူများအား အလျင်အမြန် ထိရောက်စွာ ရှာဖွေကယ်ဆယ်နိုင်ရေးနှင့် အစားအသောက်များ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ပြီး ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိကိုယ်တိုင် ရေကူးကျွမ်းကျင်မှုရှိစေရန် ရေကူးနည်းပညာရပ်များကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အလှူရှင် Iron Men Group မှ လှူဒါန်းသည့် ရာဘာလေသွင်းလှေ သုံးစီးအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ယနေ့ လှူဒါန်းခဲ့သည့် ရာဘာလေသွင်းလှေများကို တရုတ်နိုင်ငံမှ မှာယူခဲ့ပြီး တစ်စီးလျှင် ငွေကျပ် သိန်း ၂၀ ကျော် တန်ဖိုးရှိ ခြောက်ယောက်စီးနင်းနိုင်သည့် စက်တပ်လှေ အမျိုးအစားများဖြစ်ကြောင်း သိရသည်။
အောင်ဖြိုးကျော်


