နေပြည်တော် ၆ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ၂၀၁၈-၂၀၁၉ ပထမ(၆)လပတ် ဘတ်ဂျက်ဖြင့် မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးအလွဲသုံးစား ပြုလုပ်ခြင်းအပေါ် စိစစ်ဖော်ထုတ်ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးဇော်သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မီနီဘတ်ဂျက် အမှိုက်ကျင်းပြင်ဆင်ခြင်းလုပ်ငန်းတွင် အမှိုက်ကျင်းဟောင်းပြင်ဆင်ခြင်းအတွက် မူလခွင့်ပြုငွေမှ ငွေကျပ်သိန်း(၁၅၀)ကို ငွေလက်ခံရယူသူ လက်မှတ်မပါရှိဘဲ အမှန်တကယ် ပေးချေခဲ့ခြင်း မရှိသည့် ငှားရမ်းခပြေစာ (၂)စောင် အသုံးပြု၍ ထုတ်ယူခဲ့ပြီး Dozer ငှားရမ်းခ ငွေကျပ် (၁၅)သိန်းသာ ပေးချေခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ် (၁၃၅)သိန်း နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးဇော် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးမျိုးဇော်မှငွေကျပ် သိန်း(၁၅၀) တင်ပြတောင်းခံခဲ့ရာတွင် ငွေထုတ်ယူ ခွင့်ပြုခဲ့သည့် အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင် အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း၊ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိတ္ထီလာမြို့၊ ပေါက်ချောင်း ရပ်ကွက်ရှိ နယ်မြေ ၂ နှင့် ၃ တို့၌ အရှည် ပေ (၃၀၀၀)၊ အကျယ်(၁၆)ပေ၊ အမြင့်(၆)လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် တင်ဒါခေါ်ယူမှုမရှိခြင်း၊ ဘတ်ဂျက်ခွင့်ပြုငွေမှ ပိုလျှံငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲမှု မရှိခြင်းတို့ကြောင့် နိုင်ငံတော် ဘဏ္ဍာငွေမှ ငွေကျပ် ၆,၇၁၀,၀၇၄/- နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် အင်ဂျင်နီယာမှူး ဦးမြင့်ဝင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဦးမြင့်ဝင်းက ရာထူးတာဝန်အရ ပေါက်ချောင်းရပ်ကွက်၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် ငွေထုတ်ယူခွင့်ပြုခဲ့သည့် အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မရဲစခန်း၌ ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)