နေပြည်တော် ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း၌  ရေစီးရေလာကောင်းမွန်စေရန် စက်တင်ဘာ ၂၀ ရက်က ရေမြောင်းဖောက်လုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေထည် ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် ခွဲဝေအသုံးပြုခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသတင်းအရ ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ကြရာ စက်တင်ဘာ ၂၀ ရက်တွင် အဆိုပါ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဖောက်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသူ ဦးညို(ခ)ကိုကိုညို(စိစစ်ဆဲ)သည် ပန်းရံအလုပ်သမားများ ဖြစ်ကြသည့် အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုး၊ ဇေယျာဖြိုး၊ ဝင်းဇော်၊ ကျော်စိုးနိုင်၊ ဇွဲမာန်၊ ကိုငယ်၊ သန်းထွန်းအေး၊ အောင်သူဖြိုး၊ အောင်ကျော်မိုး၊ ဟန်ဝင်းသူ၊ မောင်တိုးတို့ ၁၃ ဦးနှင့်အတူ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ် ရှေးဟောင်းမြေအိုး ၁ လုံး တူးဖော်ရရှိခဲ့ပြီး  အဆိုပါမြေအိုးအတွင်းမှ ရှေးဟောင်းပစ္စည်းဟုယူဆရသည့် ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခု၊ ရွှေဘယက်အချို့ကို တူးဖော်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့ အပ်နှံခြင်း မရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနိုင်ရန် အောင်ဖြိုးမှ ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခုတို့ကို ယူဆောင်၍ ကျန်ရွှေဘယက်နှင့် အခြားရွှေထည် ပစ္စည်းများကို ဦးညို(ခ)ကိုကိုညိုမှ ခွဲဝေယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ် သိရှိရသည်။

စုံစမ်းဖော်ထုတ်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၉ ရက်တွင် ရှေးဟောင်း ရွှေထည်ပစ္စည်းများ တူးဖော်ရရှိခဲ့သူ အောင်ဖြိုး၊ စိန်ထွန်းနှင့် အောင်မိုးတို့ ၃ ဦးကို ၎င်းတို့၏ နေအိမ်များမှ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်စစ်ဆေးခဲ့ရာ တရားခံ အောင်ဖြိုး က မန္တလေးမြို့ရှိ ဦးတင်မောင်ဆွေ (စိစစ်ဆဲ)၏ နေအိမ်တွင် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်း ရွှေထည် ပစ္စည်းအလေးချိန် ၁၃ ကျပ်သားခန့်အား ငွေကျပ်သိန်း ၅၄၀ ဖြင့် ရောင်းချခဲ့ကြောင်း၊ ဦးညို(ခ) ကိုကိုညိုမှ ၎င်းခွဲဝေရရှိထားသည့် ရွှေထည်ပစ္စည်းအချို့ကို ငွေကျပ်သိန်း(၉၄၀)ဖြင့် ရောင်းချခဲ့ကာ အဆိုပါရရှိငွေများထဲမှ အလုပ်သမားဖြစ်သူ စိန်ထွန်းပါ ၁၂ ဦးကို တစ်ဦးလျှင် ၅,၂၅၀,၀၀ဝိ/-နှုန်းဖြင့် ခွဲဝေပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရကာ တရားခံ အောင်မိုး ထံမှ သက်သေခံ ရှေးဟောင်း ရွှေထည် ပစ္စည်း ရွှေလက်ကောက်အကွေး ၅ ခုကို လည်းကောင်း၊ တရားခံ အောင်ဖြိုး ထံမှ သက်သေခံ ရှေးဟောင်းရွှေထည်ပစ္စည်း ရွှေခဲ ၃ ခု၊ ရွှေထည် ပစ္စည်းမျိုးစုံ ၄ ကျပ်၊ ၁၀ ပဲ ၃ ရွေးနှင့် ရွှေထည် ပစ္စည်းအပိုင်းအစ ၁၆ ခု၊ ၁၃ ကျပ်၊ ၆ ပဲ၊ ၂ ရွေး တို့ကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။ 
    
ဖြစ်စဉ်မှ ရှေးဟောင်းရွှေထည်ပစ္စည်းများအား တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်း မရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် ထုခွဲရောင်းချခဲ့သူ အောင်ဖြိုး၊ စိန်ထွန်း၊ အောင်မိုး တို့ ၃ ဦးနှင့် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်ကြသည့် ဦးညို(ခ)ကိုကိုညိုပါ ၁၁ ဦးတို့ကို ပုဂံနယ်မြေရဲစခန်း(ပ) ၂၅/၂၀၂၄၊  ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၇/၁၉ ဖြင့် အမှုရေးဖွင့်ပြီး ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်လည်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ တူးဖော်တွေ့ရှိပါက လက်ဝယ် ထားရှိခြင်း၊ စုဆောင်းထားရှိခြင်းနှင့် ကိုယ်ကျိုးစီးပွားအတွက် ထုခွဲရောင်းချခြင်းများ မပြုလုပ်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့ဆက်သွယ်၍ အပ်နှံနိုင်ရန် အသိပေးသတင်း ထုတ်ပြန်ထားကြောင်း သိရသည်။

သတင်းစဉ်