ပြင်ဦးလွင်   ၁၀   ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ကြောင့် ယာယီပိတ်ထားသည့် ဟိုတယ်လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် စစ်ဆေးမှုများအား  ဇွန်လ ပထမပတ်အတွင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဟိုတယ်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်    ပြင်ဦးလွင်မြို့နယ်အတွင်း   တရားဝင် မှတ်ပုံတင်ထားသော ဟိုတယ်များအား ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်အချက် (၅၇)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ပြည်တွင်းခရီးသွား နိုင်ငံခြားသားများ တည်းခိုရန်အတွက် လက်ဆေးဘေစင်၊ လက်ဆေးဆပ်ပြာများ ထားရှိထားခြင်း၊ ဟိုတယ်ရှိ ဝန်ထမ်းများအနေဖြင့်လည်း   ဧည့်သည်၏ပစ္စည်းများအား ကိုင်တွယ်ရာတွင် တစ်ကိုယ်ရေအကာအကွယ်များ   ရယူရမည်ဖြစ်ကြောင်း   အသိပညာပေး စစ်ဆေးခြင်းများ ဇွန် ၂ ရက် ၃ ရက်တွင် ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ အဖွဲ့သည် စစ်ဆေးတွေ့ရှိချက်များအပေါ်  အခြေခံ၍  ဖွင့်လှစ်ခွင့်ပြုသည့်အခါ အဆင့်သတ်မှတ် ချက်များနှင့်အညီ A , B , C ခွဲ၍ ခွင့်ပြုသွားမည်ဖြစ်ပြီး အဆင့်  A အား သတ်မှတ်ချက်နှင့် ညီ၍ ဦးစွာဖွင့်ခွင့်ပေးခြင်း ၊ အဆင့် B သည် လိုအပ်ချက်များအား ပြန်လည်ပြင်ဆင်ပြီးမှသာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အဆင့် C သည် စစ်ဆေးမှုမခံရသေးသည့် ဟိုတယ်များဖြစ်ကြောင်း သိရသည်။

 

ပြင်ဦးလွင်မြို့နယ်တွင် မှတ်ပုံတင်ခွင့်ပြုထားသည့် ဟိုတယ်အလုံးရေ ၆၉ လုံးခန့်ရှိပြီး ယနေ့အထိ ဟိုတယ် ၄၀ ခန့်အားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်ဇုံ ပြင်ဦးလွင် ဒုဥက္ကဌ ဦးဝေဠု ထံမှ သိရသည်။

 

မြတ်ဆုမွန်