နေပြည်တော် မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၄ ရက် ညနေ ၄ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၄ လမ်းနှင့် ၇၈ လမ်းထောင့်၌ အောင်နိုင်ထွေး (ခ) ဖိုးသား မောင်းနှင်ပြီး ရဲလင်းဖြိုး လိုက်ပါလာသည့် NISSAN ၁၂ ဘီးမော်တော်ယာဉ်နှင့် နန်းလင်း မောင်းနှင်ပြီး ရဲဝင်းထက် လိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် ကုန်ပစ္စည်းများဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ ယင်းနေ့ ည ၁၁ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုးသီဟနှင့် အောင်ဖြိုးကိုတို့အား အမရပူရမြို့နယ်၊ စွယ်တော်ကားဝင်းတွင် ဖမ်းဆီးရမိခဲ့ပြီး မတ် ၁၅ ရက် နံနက် ၁ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုကွက်သစ်၊ ၁၄၀ (B) လမ်း၊ ၅၅ x ၅၆ လမ်းကြားရှိနေအိမ်တွင် ၎င်းတို့ ၂ ဦး ဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၆ နာရီခွဲတွင် စိတ်ကြွ ရူးသွပ်ဆေးပြားများကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရန်စေခိုင်းသူ ဇော်မင်းထွန်း (ခ) ကိုဇော် (ခ) ပုံတူအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်