ပုသိမ်ကြီး၊ ၂၂ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ ထွက်ရှိသည့် ဂန္ဓမာပန်းများ ယခုရက်ပိုင်း Stay at Home ကာလအလွန်တွင် အရောင်းအဝယ်များ သွက်လာကာ ဈေးနှုန်းများ ပြန်လည်ကောင်းမွန်လာကြောင်း ဂန္ဓမာပန်း စိုက်ပျိုးထုတ်လုပ်ရောင်းချသူ ဦးရဲနိုင်စိုးက ပြောကြားသည်။
ယခုနှစ် ပန်းစိုက်ပျိုးရာသီတွင် ပန်းစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်ခဲ့သော်လည်း ကိုဗစ် - ၁၉ ကူးစက်ရောဂါကြောင့် အသွားအလာ ကန့်သတ်ထိန်းချုပ်သည့် Stay at Home ကာလနှင့် ကြုံတွေ့ခဲ့ရသည့်အတွက် ရောင်းချရန် ဈေးကွက်အခက်အခဲ ဖြစ်ပေါ်ခဲ့သည့်အပြင် ဈေးနှုန်းမှာလည်း တစ်စည်းလျှင် ငွေကျပ် ၁၄၀၀ မှ ၁၅၀၀ သာရရှိခဲ့၍ အရှုံးဖြင့်ကြုံတွေ့ခဲ့ရကြောင်း၊ လက်ရှိ Stay at Home အလွန်ကာလတွင် အရောင်းအဝယ် ပြန်လည်သွက်လာကာ ဈေးနှုန်းမှာ အခက် ၅၀ ပါတစ်စည်းလျှင် ငွေကျပ် ၂၅၀၀ အထိ ရောင်းချနေရသဖြင့် ပန်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။
“Stay at Home ကာလအလွန် လက်ရှိအချိန်မှာတော့ လမ်းတွေပွင့်သွားတဲ့အတွက် အရောင်းအဝယ်တွေ သွက်လာပါတယ်။ ပွဲရုံတွေက ပန်းအခင်းထဲအထိ ကားတွေနဲ့ တိုက်ရိုက် လာရောက်ပြီး ဝယ်ယူနေကြပါတယ်။ ဈေးကွက်ရှာစရာ မလိုတော့ပါဘူး။ ဒါကြောင့် အရောင်းသွက်လာသလို ဈေးလည်းကောင်းလာပါတယ်။ ဒီနှစ်ပန်းစိုက်တောင်သူတွေ အဆင်ပြေ ဖြစ်ထွန်းကြပါတယ်။ Stay at Home ကာလတုန်းကတော့ ပန်းစိုက်တောင်သူတွေအနေနဲ့ အဝယ်ကလည်းမရှိ၊ ဈေးကလည်း မကောင်းတဲ့အတွက် အလွန်ဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ မြို့နယ်ရှိခြံများတွင် ဂန္ဓမာပန်း အမျိုးအစားများဖြစ်သည့် ကျောက်စိမ်းနှင့် ရွှေဝါဝင်းတို့ကို စိုက်ပျိုးထားပြီး၊ Stay at Home ကာလတွင် အခက် ၅၀ ပါ တစ်စည်းလျှင် ငွေကျပ် ၁၄၀၀ မှ ၁၅၀၀ ထိသာ ရရှိခဲ့သည်။ ယခုလက်ရှိအချိန်တွင် လမ်းကြောင်းများ ပြန်ပွင့်သွားသည့်အတွက် အခက် ၅၀ ပါ တစ်စည်းလျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချနေရပြီး ပန်းစိုက်တောင်သူများအနေဖြင့် အပင်နှစ်သောင်း စိုက်ပျိုးလျှင် ၂၅ သိန်းမှ သိန်း ၃၀ ထိရရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


