နေပြည်တော်၊ နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၂,၈၀၀ ကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင် လာသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုကျေးရွာအနီးတွင် မြစ်ငယ်မှ အုန်းချောဘက်သို့ ဇင်မင်းထွန်း မောင်းနှင်လာသော NISSAN DIESEL ၁၂ ဘီး ယာဉ်နှင့် ချမ်းသူ မောင်းနှင်၍ ထွန်းလင်း လိုက်ပါလာသော HINO PROFIA ယာဉ်တို့ကို သတင်းအရရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် ပီပါ ၁၄၂ လုံး၊ ပလတ်စတစ်ကော်ပုံး ၃၆ ပုံးတို့ဖြင့်ထည့်လျက် တရားမဝင်သယ်ဆောင်လာသည့် ဒေသ ကာလတန်ဖိုး ငွေကျပ် သိန်း ၂,၈၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်း Hydrochloric Acid ၃၆၀ လီတာ၊ Sulphuric Acid လီတာ ၇၂၀ နှင့် အခြားဓာတုပစ္စည်းများဖြစ်သည့် Benzene လီတာ ၁၃၆၈၀ ၊ Ethyl Acetate လီတာ ၁၁၅၂၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဓာတုပစ္စည်းများအား မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ မူးယစ်ဆေးဝါးထုတ်လုပ်ရန် သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)