နေပြည်တော်၊ ဇူလိုင် ၃၁

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်တို့တွင် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၆ ဒသမ ၂၈၈ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၆ ရက် ည ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ (၁၆) မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပြင်ဦးလွင်မှ မန္တလေးသို့ ဝင်းမြိုင် မောင်းနှင်ပြီး ရန်မျိုးအောင် လိုက်ပါလာသော Nissan ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၁ ဒသမ ၆၄ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးချက်အရ ဇူလိုင် ၂၇ ရက် ညနေ ၃ နာရီတွင် အမရပူရမြို့နယ်၊ စာကလေးအင်းကျေးရွာရှိ ကုမ္ပဏီကို ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ မန်နေဂျာ သက်နောင်အား တရားမဝင် သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၄ ဒသမ ၆၄၈ တန်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ် နိုက်ထရိတ် ၆ ဒသမ ၂၈၈ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn