နေပြည်တော် ၂ ဧပြီ
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၉ ရက်မှ ၃၁ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရွှေဂူဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် ဟီးနိုးယာဉ်(၁)စီးနှင့် ကန့်လန့်ဂျီ (၆)ဘီးယာဉ် (၁)စီးတို့ပေါ်မှ တရားမဝင်အင်ခွဲသား/ လုံးပတ် ၃ ပေအောက် အင်သစ်လုံး စုစုပေါင်း (၁၀၉)ချောင်း/လုံး (၆ ဒသမ ၇၆၉၂)တန်၊ ကျူးလွန်သူ(၂)ဦးအား ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေတံခွန်တောင် တောလမ်းဖောက်လုပ်ထားသည့် နေရာမှ တရားမဝင် ကောင်းမှုသစ်လုံး/ခွဲသား စုစုပေါင်း (၃၉၄)လုံး/ချောင်း (၃၉ ဒသမ ၅၁၄၂)တန်၊ မြေကော်စက်(၁)စီး၊ မော်တော်ယာဉ်(၁)စီး၊ လက်ကိုင်စက်လွှ (၁)လက်အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၀/၅)နှင့် (၀/၆)ကြားနေရာမှ ယာဉ်အမှတ် 7I/5262 (Alphard ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၃)ချောင်း (၁ ဒသမ ၄၄၈၆)တန်အားလည်းကောင်း၊ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း တရားမဝင်ထောက်ကြံ့သစ်လုံး (၆၀)လုံး (၂၀ ဒသမ ၇၇၈၀)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်
