မန္တလေး ၁၄  ဇွန်

 

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန သရက်ကုန်း ငါးလုပ်ငန်းစခန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငါးအမျိုးအစား ၁၀ မျိုးမှ ကျန်းမာသန်စွမ်းသည့် ငါးသားပေါက်ကောင်ရေ သိန်း ၆၆၀ ထုတ်လုပ်ကာ ငါးမွေးတောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်  ၁၉ လမ်းနှင့် ၂၆ လမ်းကြား ပြင်ဦးလွင်-မန္တလေးမြို့ ပတ်လမ်းရှိ သရက်ကုန်းငါးလုပ်ငန်း စခန်းတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးထွန်းနောင်ဝင်းက ပြောကြားသည်။

 

အဆိုပါစခန်းမှ ယခုဘဏ္ဍာရေးနှစ်တွင် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး၊ ငါးသိုင်းခေါင်းပွ၊ ငါးကြင်းဖြူ၊ ငွေရောင်ငါးကြင်း၊ မြက်စားငါးကြင်း၊ ငါးတန်၊ ခေါင်းကြီးငါးကြင်း၊ တီလားပီးယား စသည့် ငါးအမျိုးအစား ၁၀ မျိုးမှ ကျန်းမာသန်စွမ်းသည့် မျိုးကောင်းမျိုးသန့် ငါးသားပေါက်ကောင်ရေ သိန်း ၆၆၀ ထုတ်လုပ်ကာ ၎င်းတို့အနက် သိန်း ၂၂၀ အား သဘာဝရေပြင်နှင့် အင်းအိုင်များတွင် ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် ငါးသားပေါက်ကောင်ရေ သိန်း ၄၄၀ အား တိုင်းဒေသကြီးအတွင်းနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ငါးမွေးတောင်သူများအား ဖြန့်ချိရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

‘ကျွန်တော်တို့ ငါးလုပ်ငန်းစခန်းက စခန်းအကျယ်အဝန်း ၅၂ ဒသမ ၉ ဧက ရှိပြီး ငါးမွေးကန်ပေါင်း ၈၉ ကန် ရှိပါတယ်။ နှစ်စဉ် ငါးသားပေါက်တွေ ထုတ်လုပ်ပြီး သဘာဝရေပြင်တွေမှာ ငါးမျိုးစိုက်ထည့်ပေးခြင်းနဲ့ ငါးမွေးတောင်သူတွေရဲ့ ငါးသားပေါက် လိုအပ်ချက်တွေကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေတဲ့အပြင် နှစ်စဉ် ဇွန်နဲ့ ဇူလိုင်လတွေမှာ ငါးမွေးတောင်သူတွေကို အခြေခံ ငါးမွေးမြူခြင်းနဲ့ ငါးဆေးထိုး သားဖောက်နည်းပညာရပ်တွေကို သင်တန်းတွေ ဖွင့်လှစ်ပို့ချပေးနေပါတယ်။  လက်ရှိအချိန်မှာ ကျွန်တော်တို့ စခန်းအနေနဲ့ တိုင်းဒေသကြီးအတွင်း သာမက မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ငါးမွေးတောင်သူတွေရဲ့ ငါးသားပေါက် လိုအပ်ချက်ကို လုံလောက်စွာ ဖြန့်ဖြူးရောင်းချပေးနိုင်တဲ့အပြင် ကိုဗစ်-၁၉ အခြေအနေကြောင့်လည်း ငါးသားပေါက် ထုတ်လုပ်မှုကို ထိခိုက်ခြင်း မရှိတဲ့အတွက် လုပ်ငန်းအခြေအနေ ကောင်းမွန်လျက်ရှိပါတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်မှာလည်း ငါးသားပေါက်ကောင်ရေ သိန်း ၇၀၀ ခန့် တိုးတက်ထုတ်လုပ်ဖို့ လျာထားဆောင်ရွက်နေပါတယ်’ ဟု ၎င်းက ပြောသည်။

 

ထို့ပြင် အဆိုပါသရက်ကုန်း ငါးလုပ်ငန်းစခန်းတွင် ငါးသားပေါက် မျိုးစိတ်အသစ်များ၊ သားဖောက်ထုတ်လုပ်နိုင်ရန်အတွက် တိုင်းရင်းငါးမျိုးစိတ်ဖြစ်သည့် ငါးသိုင်းမှ ငါးသားပေါက် စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး လာမည့်နှစ်များတွင် တိုင်းရင်းငါးမျိုးဖြစ်သည့် ငါးဘတ်ကိုလည်း သားဖောက် ထုတ်လုပ်နိုင်ရန် စမ်းသပ်မွေးမြူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ငါးသားပေါက်ထုတ်လုပ်သည့် ငါးလုပ်ငန်းစခန်းပေါင်း ၂၇ ခုရှိပြီး ၎င်းတို့အနက် မန္တလေးတိုင်းဒေသကြီးတွင် ငါးလုပ်ငန်းစခန်း လေးခုရှိကြောင်းနှင့် ငါးမွေးတောင်သူများအနေဖြင့် အဆိုပါ ငါးလုပ်ငန်းစခန်းများမှ လိုအပ်သည့် ငါးသားပေါက်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်သည့်အပြင် ငါးမွေးမြူသည့် နည်းပညာရပ်များကိုလည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)