မိုးကုတ် ၂၄ ဇွန်
မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်တင်နွယ်ဝင်းသည် မိုးကုတ်မြို့နယ် တရားသူကြီး ဒေါ်ပွင့်ဖြိုးလင်း ၊ တွဲဖက် မြို့နယ် တရားသူကြီး ဒေါ်ငုဝါဆွေတို့ လိုက်ပါလျှက် ဇွန်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ခွဲခန့်တွင် မိုးကုတ်မြို့နယ်ရှိ အချုပ်ထောင်နှင့် မြို့မရဲစခန်းအချုပ်ခန်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးနှင့်အဖွဲ့သည် မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းခိုင် ၊အချုပ်ထောင်တာဝန်ခံ ရဲအုပ်အေးကို တို့နှင့်အတူ အချုပ်ထောင်နှင့် မြို့မရဲစခန်းအချုပ်ရှိ အချုပ်တရားခံများ၏ နေရာထိုင်ခင်း သက်သာချောင်ချိမှုရှိမရှိ၊ သန့်ရှင်းမှုရှိမရှိ၊ အစားအသောက် အဟာရသင့်တင့်မျှတမှုရှိမရှိ၊ ကျန်းမာရေး ပြည့်စုံကောင်းမွန်မှု ရှိမရှိ၊ မကျန်းမပါက ဆေးကုသရန် အခွင့်အရေးရှိမရှိ ၊ အမျိုးသမီးအချုပ်တရားခံများအား အကာအရံလုံခြံစွာ ထားရှိုခြင်းရှိမရှိ၊ အမျိုးသမီး အဖော်အစောင့်အရှောက်များဖြင့် ထားရှိခြင်း ရှိမရှိ၊ အချုပ်တရားခံများအပေါ် နှိပ်စက်ညှင်းပန်းမှု ၊ မတရားပြုမှု ရှိမရှိ ၊ မိခင်နှင့်ကလေးအား စောင့်ရှောက်ပေးမှု ရှိမရှိ တို့နှင့် စပ်လျဉ်း၍ အချုပ်တရားခံများနေထိုင်သည့် အဆောင်များ အချုပ်တရားခံများ ဗဟုသုတရရှိရန် အလို့ငှာထားရှိသည့် စာကြည့်တို့တို့အား လည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့အပြင် တရားရုံးတွင် အမှုစစ်ဆေးဆဲ အချုပ်သားများပေါ် ဥပဒေနှင့်မညီဘဲ ဆောင်ရွက်ထားမှု ရှိမရှိ စသည်များကို စစ်ဆေးမေးမြန်းပြီး ကြန့်ကြာနေသော အချုပ်တရားခံ အမှုများအား မြန်ဆန်စွာ စစ်ဆေးပြီးပြတ်နိုင်ရေး ၊ စစ်ဆေးဆဲအမှုလက်ကျန် လျော့နည်းကျဆင်းရေးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်သည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ကျော်ဇေယျာမြင့်(မိုးကုတ်)