မန္တလေး ၁၅ ဇွန်
    

ပြည်ထောင်စုတရားလွှတ်တော် မှုခင်းစီမံခန့်ခွဲမှုကော်မတီ၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်နှင့် USAID-PRLM တို့ ပူးပေါင်းကျင်းပသည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန် ၁၅ ရက် နံနက် ၈ နာရီခွဲက Mercure Hotel တွင် ကျင်းပသည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်းက တရားစီရင်ရေးမဟာဗျုဟာစီမံကိန်း ၂၀၁၈-၂၀၂၂  လုပ်ငန်းနယ်ပယ်၅ခုတွင် ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးကဆောင်ရွက်သော အထူးမှုခင်း ကိစ္စရပ်တို့ကို တိုးမြှင့်ဆောင်ရွက်ရန် ဖော်ပြထားကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၂၀၁၉ခုနှစ် မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံး(၆)ရုံးတို့ကို ဇူလိုင်(၁)ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မှုခင်းစစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ အမှုစတင်စွဲဆို သည်မှ စီရင်ဆုံးဖြတ်သည်အထိ အမှုစစ်ဆေးစီရင်ခြင်းတွင် ပါဝင်ဆောင်ရွက်ရမည့်သူများနှင့်အတူ နည်းပညာအထောက်အပံ့များ အချိန်နှင့်တပြေးညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မှုခင်းများကို ဥပဒေနှင့်အညီ တရားမျှတ၍ အချိန်မီထိရောက်စွာ ဖြေရှင်းပေးမှသာ တရားရုံးများအပေါ် ပြည်သူလူထု ယုံကြည်ကိုးစားမှု ရရှိမှာဖြစ်ကြောင်း ပြောကြားသည်။

 

ထိုနောက် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး ညွန်ကြားရေးမှူးချုပ် မှုခင်းစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဒေါ်တင်နွယ်စိုးက သင်တန်းတွင် မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ ကနဦးဆောင်ရွက်ရမည့်အချက်များ၊ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းပုံစံ အသုံးပြုပုံတို့ကို သင်ကြားပို့ချသည်။ 

 

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး လေ့ကျင့်ရေးဌာနညွန်ကြားရေးမှူး ဒေါ်စုစုဝင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ခင်ခင်ချို၊ ညှိနှိုင်းရေးမှူး ဒေါ်ဖြူပြာအေး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ Co-Trainer များ၊ UsAID-PRLM သင်တန်းဆရာဆရာများ သင်တန်းသား တရားရေး အရာရှိနှင့် တရားရေးဝန်ထမ်း(၁၅၃)ဦး တက်ရောက်ကြသည်။
    

မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်သည် ပြဌာန်းဥပဒေ၊ ကျင့်ထုံး၊ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ခြင်းဖြစ်ပြီး တရားရုံးဆောင်ရွက်ချက်များကို ပိုမိုအားကောင်းလာစေရန် ချမှတ်ဆောင်ရွက်သော အစီအစဉ်ဖြစ်ကြောင်း သိရသည်။   
                                                             

သီဟကိုကို(မန္တလေး)