မြစ်သား ၂၆ ဇန်နဝါရီ
တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားသည်။
ထိုသို့ပြောကြားရာတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “တောင်သူလယ်သမားတွေနဲ့ ထပ်တူထပ်မျှ ဒီလိုပုံစံ (၇) တွေရတဲ့အတွက် ဝမ်းသာပါတယ်၊ မိမိတို့ရဲ့လယ်မြေတွေကိုလည်း အကျိုးရှိရှိ၊ တိုင်းပြည်အတွက်ရော မိမိဘဝတွေအတွက်ရော မိသားစုဘဝတွေအတွက်ရော စဉ်းစားပြီး လုပ်ကိုင်သွားကြပါ” ဟု ထည့်သွင်းမှာကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများက တောင်သူများထံ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)များ ပေးအပ်ခဲ့ကြပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ရရှိသည့် တောင်သူများကိုယ်စား ကျီတိုင်ကျေးရွာ တောင်သူ ဦးဖိုးနီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဆင့် ဧည့်သည်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တက်ရောက်ကြကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN