မန္တလေး ၁ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်အဖြစ်မှ ခေတ္တအနားယူထားသော ဒေါက်တာဇော်မြင့်မောင်သည် မူလတာဝန်များ ပြန်လည်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ်သည် သွေးကင်ဆာရောဂါကြောင့် ထိုင်းနိုင်ငံတွင် ၂ လနီးပါးကြာ ဆေးကုသမှုခံယူခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

 

" တာဝန်ကတော့ ပြန်လည်ထမ်းဆောင်ပြီ။ အရင်လိုတော့ အင်တိုက်အားတိုက် အချိန်ပြည့်မလုပ်နိုင်သေးဘူး။ ကျန်းမာရေးအခြေအနေကလည်း နည်းနည်းကုသမှုတွေလုပ်ရဦးမယ် ။ တာဝန်ထမ်းဆောင်ရင်းနဲ့ပဲ ဆေးကုမှုခံယူသွားမှာပါ" ဟု ၎င်းကပြောသည်။

 

ဆေးကုသမှုခံယူနေစဉ် ကာလအတွင်း တိုင်းဒေသကြီး၀န်ကြီးချုပ် တာ၀န်ကို တိုင်းဒေသကြီး လျှပ်စစ်နှင့်ဆောက်လုပ်ရေး၀န်ကြီး ဦးဇာနည်အောင် က ခေတ္တတာ၀န်ယူထားခဲ့သည်။ ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မန္တလေးမြို့ မြို့တော်စည်ပင်ရုံးရှေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၀ နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ကာ မြို့နေလူထုအတွက် နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

 

သူရိန်လင်း