မန္တလေး ၄ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများအား ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ လယ်ယာမြေ အခြားအသုံးပြုမှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးအမှာစကား ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေ အခြားအသုံးပြုမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သတ်မှတ်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် စိစစ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် လျှပ်စစ်မီးရရှိရေး ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ပညာရေးကျန်းမာရေး၊ လူမှုရေး စသည့် လုပ်ငန်းကဏ္ဍအသီးသီးကို အရှိန်အဟုန်မပျက် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းနှင့် အခြားလုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးက မန္တလေးခရိုင်အတွင်း လယ်ယာမြေ အခြားအသုံးပြုမှုကိစ္စရပ်များ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။
ထို့ပြင် တက်ရောက်လာကြသော မြို့နယ်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာမြို့နယ်အလိုက် လယ်ယာမြေ အခြားအသုံးပြုမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အသီးသီးရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)