မန္တလေး၊ ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုသည် ယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် (၁) ရှိ တိုးပွားမန္တလေး ကုမ္ပဏီ၏ လှည်းယဉ်ကွန်ပေါင်း ဓာတ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား စက်ရုံမန်နေဂျာဉီးကြည်ရွှေက စက်ရုံလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း၊ တိုးပွားမန္တလေး၏ မန်နေဂျင်းဒါရိုက်တာ ဦးဆွမ်ချီက ကွန်ပေါင်းဓာတ်မြေဩဇာ ထုတ်လုပ်နေမှုနှင့် အမျိုးအစားများ၊ လုပ်ငန်းအခက်အခဲများကို လည်းကောင်း ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးတိုးမင်းနှင့် ရတနာပုံတက္ကသိုလ်ရုက္ခဗေဒနှင့် အဏုဇီဝဗေဒဌာနမှ ပါမောက္ခဒေါက်တာဝင်းနိုင်တို့က ဖြည့်စွက်ဆွေးနွေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုအခါ ပြည်ပမှတင်သွင်းနေသော ဓာတ်မြေဩဇာများနှင့် သွင်းအားစုများ ယခင်ထက် ဈေးနှုန်းမြင့်မားနေခြင်းကြောင့် စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်များပြားလာပြီး အကျိုးအမြတ်နည်းပါးနိုင်သဖြင့် တောင်သူများ အခက်အခဲမရှိရေးအတွက် ပြည်တွင်း၌အစား ထိုးထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ဓာတ်မြေဩဇာထုတ်လုပ်ရာတွင် အခြေခံကုန်ကြမ်းများကို ပြည်ပမှတင်သွင်းနေရသည့်အတွက် ပြည်တွင်း၌ရှာဖွေပြီး သွင်းကုန်အစားထိုးခြင်းဖြင့် ပြည်ပမှ ကုန်ကြမ်းတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာသော ဓာတ်မြေဩဇာများထုတ်လုပ်နိုင်ပါက တောင်သူများအတွက် အကျိုးရှိမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်း ဓာတ်မြေဩဇာအဆင့်ဆင့် ထုတ်လုပ်နေမှုများကို လိုက်လံကြည့်ရှုရာ စက်ရုံတာဝန်ရှိသူများက ရှင်းလင်းပြသသည်။
အဆိုပါစက်ရုံမှာ အရက်ချက်စက်ရုံများမှ စွန့်ထုတ်နေရသော ရေဆိုးများကို အခြေခံ၍ မြေဆွေးအခြေခံ ကွန်ပေါင်းဓာတ်မြေဩဇာ ထုတ်လုပ်ခြင်းစနစ်ဖြစ်ပြီး မြေဆွေးနှင့် သတ်မှတ်ဓာတ်မြေဩဇာ အမျိုးအစား ပေါင်းစပ်ထုတ်လုပ်ခြင်းဖြစ်ကာ ရေဆိုးကြောင့် ပတ်ဝန်းကျင်နှင့် မြစ်အတွင်း ညစ်ညမ်းမှုကို လျှော့ချစေကြောင်း သိရသည်။
သတင်းစဉ်


