မန္တလေး နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုသည် ယနေ့နံနက် ၈ နာရီက ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ဒေသရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံအမှတ် (၂)ရှိ သဘာဝဓာတ် မြေဩဇာထုတ်လုပ်နေမှု ကို ကြည့်ရှုရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဓာတ်မြေဩဇာအစား သဘာဝဓာတ်မြေဩဇာ အစားထိုးသုံးစွဲနိုင်ရေး သုတေသနပြု ထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ မြေဩဇာကို မြို့တော်စည်ပင်အတွက် သာမက မန္တလေးတိုင်းတစ်တိုင်းလုံး၊ ၎င်းမှတစ်နိုင်ငံလုံး ဖြန့်ချိထုတ်လုပ်နိုင်သည်အထိ ရည်မှန်းချက်ထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထုတ်လုပ်သည့်အခါ ကုန်ကြမ်း၊ ကုန်ချော အလွယ်တကူ ရရှိထုတ်လုပ်နိုင် သော နေရာရွေးချယ်ရန်လိုအပ်ကြောင်း၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် မြေဆီလွှာထိခိုက်ပျက်စီးခြင်း ကာကွယ်နိုင်မှုကို တောင်သူများသို့ အသိပေး ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်းက သဘာဝမြေဩဇာကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းဖြင့် မြေဆီလွှာပိုမိုကောင်းမွန်မှုအပေါ် အသိပညာပေး ဆောင်ရွက်နေမှု များနှင့် စွန့်ပစ်အမှိုက်များကိုခွဲခြားစွန့်ပစ်ခြင်းဖြင့် မြေဩဇာထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် ဆောင်ရွက်နိုင်မှု များကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ် ရုက္ခဗေဒနှင့်အဏုဇီဝဗေဒဌာန ပါမောက္ခဒေါက်တာဝင်းနိုင်က သဘာဝမြေဩဇာအသုံးပြု၍ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးစားသုံးခြင်း ဖြင့်ကျန်းမာရေးနှင့်ညီညွတ်မှုများ၊ အပင်များနှင့် တိရိစ္ဆာန်များမှထွက်ရှိ ပစ္စည်းများမှနည်းပညာများဖြင့် သဘာဝမြေဩဇာအဖြစ်ထုတ်လုပ် အသုံးပြုနိုင်မှုများကိုလည်းကောင်း၊ ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


