ပြင်ဦးလွင် ၂၄ နိုဝင်ဘာ
၂၀၁၉ခုနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် ပြင်ဦးလွင်ခရိုင် အမျိုးသမီးအသင်းကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ဒေသခံများက သောင်းသောင်းဖျဖျ ကြိုဆိုမှုများပြုလုပ်ခဲ့ကြပြီး ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ခရိုင်အားကစားကွင်းရှိ အားကစားစားရိပ်သာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပြင်ဦးလွင်ခရိုင် အမျိုးသမီးအသင်းနှင့် မိတ္တီလာခရိုင် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန် မိနစ် ၉၀ နှင့် အချိန်ပိုမိနစ် ၃၀ တို့တွင် တစ်ဂိုးစီ သရေရလဒ်ထွက် ပေါ်ခဲ့သဖြင့် ပင်နယ်တီအဆုံးအဖြတ် ကစားခဲ့ရာ ပြင်ဦးလွင်ခရိုင် အမျိုးသမီးအသင်းက ခုနစ်ဂိုး ခြောက် ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
အောင်ပွဲရ ပြင်ဦးလွင်ခရိုင် အမျိုးသမီးအသင်းအနေဖြင့် မြို့တွင်းသို့ ဝင်ရောက်ခဲ့ရာ မြို့တွင်းလမ်း တစ်လျှောက်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အားကစားဝါသနာရှင်ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်အားကစားခန်းမတွင် ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးပါစည်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါဂုဏ်ပြုပွဲ အခမ်းအနားတွင် အောင်ပွဲရ ပြင်ဦးလွင်ခရိုင် အမျိုးသမီးအသင်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ဂုဏ်ပြုဆုငွေကျပ် ၄၀ဝ၀ဝ၊ ဒေသခံပြည်သူများက ဂုဏ်ပြု ဆုငွေကျပ် တစ်သိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးပါစည်က ဂုဏ်ပြုဆုငွေကျပ် တစ်သိန်း၊ ပွင့်လွှာကဖေးမှ ငွေကျပ် တစ်သိန်း၊ ပြင်ဦးလွင်မြို့နယ် ဘောလုံး အဖွဲ့ချုပ်မှ ငွေကျပ် ၂၅၀ဝ၀ဝ တို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အောင်ပွဲရပြင်ဦးလွင်အမျိုးသမီးအသင်းက တံခွန်စိုက်ဆုဖလားကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
သီဟစည်သူ