မန္တလေး ၅ ဇွန်
ဇွန်လ ၅ ရက်တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မန္တလေးတိုင်း ဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (Clean and Green School Award) ဆုချီးမြှင့်ပွဲကို မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာတင်မင်းမောင် က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (Clean and Green School Award) များအား ပေးအပ်ချီးမြှင့်ရာ ဆုရရှိသော ကျောင်းများမှ တာဝန်ရှိသူအသီးသီးက လက်ခံရယူသည်။ ၎င်းနောက် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗွီဒီယိုအား ပြသသည်။
မန္တလေးတိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ရရှိသော ကျောင်းများမှာ အထက်တန်းအဆင့် ပထမဆု မန္တလေးမြို့မှ အ.ထ.က(၁၆)၊ ဒုတိယဆု ဝမ်းတွင်းမြို့မှ အ.ထ.က (သဘွတ်ကုန်း)နှင့် မူလတန်းအဆင့် ပထမဆုအား စဉ့်ကူးမြို့မှ ချမ်းမြသာစည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် သန့်ရှင်း၍စိမ်းလန်းစိုသော ကျောင်းဆုအတွက် အဆိုပြုကျောင်း (၈)ကျောင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မတ်လ ပထမအပတ်တွင် အခြေခံစံနှုန်း (၁၇)ချက် နှင့်အညီ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကာ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


