မန္တလေး၊ နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို က မန္တလေးမြို့သည် မြို့ပြဖွံ့ဖြိုးမှု၊ စီးပွားရေး အချက်အခြာကျမှု၊ လူဦးရေးတိုးပွားလာမှုနှင့်အတူ ယာဉ်သုံးစွဲမှု များပြားလာရာ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ရသဖြင့်မိမိဌာန၊ အဖွဲ့အစည်း၏ ပုံရိပ်ထိခိုက်မှုမရှိရန် ပြုမူဆက်ဆံသွားရန်လိုအပ်ကြောင်း၊ မန္တလေးမြို့တွင်းလမ်းများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအမှတ်အသားများနှင့် လမ်းညွှန်ဆိုင်းဘုတ်များ စနစ်တကျထားပြီး ကြိုတင်ပညာပေးကာလ သတ်မှတ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်တို့က ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာမူဝါဒများနှင့် စီမံခန့်ခွဲမှုဆိုင်ရာများ၊ မြို့နယ်များအလိုက် ရွေ့လျား ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့်ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း၊ တက်ရောက် လာကြသူများက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အကြံပြုချက်များကို လည်းကောင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
မန္တလေးခရိုင်အတွင်း အများပြည်သူများ လုံခြုံစိတ်ချစွာဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ ယာဉ်အန္တရာယ်ကင်းရှင်းစွာ စနစ်တကျ သွားလာနိုင်ရေးအတွက် နိုဝင်ဘာ ၁၃ရက်မှ ၂၀ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာမှုမရှိသူများအား ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


