မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် 

နေပြည်တော် အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၌ လွန်ခဲ့သည့်(၅)နှစ်တာ ကာလအတွင်း  ဘေးဖြစ်ပွား မှုပေါင်း အကြိမ်(၁၀၀၀)ခန့်ရှိခဲ့ရာ လူပေါင်း(၁၅၀၀၀၀)‌ကျော် ဘေး ဒုက္ခခံစားခဲ့ရပြီး (၁၀၀)ကျော်အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ပျက်စီးဆုံးရှုံးမှုအနေဖြင့် ခန့်မှန်းခြေ ငွေကျပ် သန်း (၂၀၀၀)ကျော်ရှိခဲ့ရာ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သန်း(၁၄၀၀)ကျော်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိဘေးဖြစ်ပွားမှုများအတွက် ထောက်ပံ့မှုနှင့် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများအတွက် ငွေကျပ်သန်း(၁၈၀၀)ကျော်တို့ကို အသုံးပြုခဲ့ကြောင်း၊ ဘေးအန္တရာယ်များအား စောလျင်ထိရောက်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရန်၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု စွမ်းဆောင်ရည် အားကောင်းစေရန်၊ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကိုယ်တိုင်ရင်ဆိုင်တုံ့ပြန်နိုင်သည့် စွမ်းဆောင် ရည်မြှင့်တင်ပေးရန်လိုအပ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်သည့် မြန်မာနိုင်ငံဖြစ်လာစေရေးအတွက် အားလုံးပူးပေါင်းဆောင် ရွက်သွား ကြရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို က ပြောကြားသည်။

၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေး မြို့တော်စည်ပင်သာ ယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပရာတွင် ဝန်ကြီးချုပ် ဦးမောင်ကို ထိုသို့ပြောကြားခြင်းဖြစ်သည်။   

ဆက်လက်၍  ကုလသမဂ္ဂ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ဆိုင်ရာ ဌာနအကြီးအကဲ Ms. Mami Mizutori ၏ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အတွက် ပြောကြားသော သတင်း စကားဗီဒီယိုနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။
အလားတူ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲဖွင့်ပွဲအခမ်းနားကို ချမ်းမြသာစည် မြို့နယ်ရှိ Multipurpose Stadium တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။  

ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို က အဖွင့်အမှာစကားပြောကြား သည်။ 

ဆက်လက်၍ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြိုင်ပွဲဝင်အားကစားများ၊ အုပ်ချုပ်သူများ၊ နည်းပြများ၊ အကဲဖြတ် အမှတ်ပေးဒိုင်အဖွဲ့များကို လိုက်လံနှုတ်ဆက်ကာ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၄၁၁၀၀၀၀) အားပေးအပ်ပြီး မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် မျိုးဆက်သစ်လူငယ်များ၏ သရုပ်ပြသမှုနှင့် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့် ရှုအားပေးခဲ့ ကြောင်းနှင့် ပြိုင်ပွဲများကို အောက်တိုဘာ ၁၇ရက်အထိ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)