မန္တလေး အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးစက်မှုဇုန် (၁) ရှိ မြစ်ဝါ သစ်အချောထည်စက်ရုံသို့ ယနေ့နံနက်ပိုင်းက သွားရောက်ကာ စက်ရုံ၏ကုန်ထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံအတွင်း ကုန်ကြမ်းမှကုန်ချောအထိ အဆင့်ဆင့်ထုတ်လုပ်နေမှုများ၊ ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုကာ လုပ်ငန်းရှင်နှင့်အလုပ်သမားများအား တွေ့ဆုံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်ကူပြုသည့် ပြည်တွင်းမှလုပ်ငန်းရှင်များကို အားပေးလျက်ရှိကြောင်း၊ တွေ့ကြုံရသည့်အခက်အခဲများကို မှန်မှန်ကန်ကန်ဖြင့် ပွင့်လင်းမြင်သာစွာ တင်ပြပေးရန်လို ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာ ပြည်သူများ အလုပ်အကိုင်အခွင့် လမ်းများရရှိလာမည်ဖြစ်ကြောင်း၊ အစိုးရ၊ ဌာနဆိုင်ရာနှင့် လုပ်ငန်းရှင်များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှလည်း အလုပ်သမားများ၏ ဘဝကို မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ ရိုးရာလက်မှုအတတ်ပညာကို လက်ဆင့်ကမ်း ထိန်းသိမ်းရင်း ခေတ်စနစ်နှင့်အညီ နည်းပညာများကို လေ့လာကြိုးစားသင်ယူကြရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများမှာ မြန်မာ့အဖိုးတန်သစ်များကို အခြေခံပြီး တန်းဖိုးမြှင့်ပရိဘောဂများ ထုတ်လုပ်နေသည့်အတွက် ဘေးထွက်ပစ္စည်းများကို အလေအလွင့်မဖြစ်စေဘဲ စနစ်တကျအသုံးချစေလိုကြောင်း ပြောကြားပြီး ရင်းနှီးစွာနှုတ်ဆက်ခဲ့သည်။ 

အဆိုပါ မြစ်ဝါသစ်အချောထည်စက်ရုံကို ၁၉၉၉ခုနှစ်ကစတင်ခဲ့ပြီး  ထုတ်လုပ်မှုအနေဖြင့် ပါကေး၊ ပရိဘောဂပစ္စည်း၊ တံခါး၊ ဆက်တီ မျိုးစုံတို့ကို ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်း ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ဘိုတက်ကုန်း ကျေးရွာအုပ်စု၊ သန့်ဇင်ကုန်းကျေးရွာရှိ ၂၀၂၀ ပြည့်နှစ်ကစတင်ဖွင့်လှစ်ခဲ့သည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြို့တော်ပန်းဈေးသို့ရောက်ရှိပြီး ရောင်းဝယ်ဖောက်ကားနေမှုနှင့် ပန်းစိုက်တောင်သူများ၏ အခြေအနေများကို တွေ့ဆုံမေးမြန်းကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်