မန္တလေး၊ နိုဝင်ဘာ ၁၂

 

မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်၊ မြန်မာ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ နည်းပြ၊ သရုပ်ပြ ဆရာဆရာမသစ်လွင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် လေ့ကျင့်ပြုစုပျိုးထောင် မွေးထုတ်ပေးနေသော ပညာရေးကဏ္ဍမှာ အရေးကြီးပါကြောင်း၊ အနန္တောအနန္တဂိုဏ်းဝင် မြတ်ဆရာများအဖြစ် တာဝန်ထမ်းဆောင်ရသည့်အတွက် တန်ဖိုးကြီးမားပါကြောင်း၊ သို့ဖြစ်၍ ဆရာ့ကျင့်ဝတ်များကိုလိုက်နာကာ နည်းမှန်လမ်းမှန်ဖြင့် ပညာတတ် ကျောင်းသား ကျောင်းသူများကို သင်ကြားမွေးထုတ်ပေးရန်နှင့် နေရာမှန်ကန်ရွေးချယ် အသုံးပြုတတ်ရန်လိုပါ ကြောင်း၊ ဆရာ ဆရာမတို့သင်ကြားပေးသည့် ကျောင်းသားကျောင်းသူများသည် တိုင်းပြည်၏အနာဂတ် တိုင်းပြည်၏စွမ်းအားရှင်များ၊ တိုင်းပြည်ကိုပုံဖော်ထုစစ်မည့် ဗိသုကာလောင်းများဖြစ်သည့်အတွက် ဆရာ့ကျင့်ဝတ် (၅)ပါးနှင့်အညီ သင်ကြားပေး ရမည်ဖြစ်ပါကြောင်း။

 

မိမိကျွမ်းကျင်ရာပညာနယ်ပယ်အတွင်း၌သာမကနိုင်ငံတကာပညာများကိုပါ စဉ်ဆက်မပြတ်လေ့လာကာ မိမိကိုယ်တိုင် ထူးချွန်ထက်မြတ်နေအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ပညာတတ်များကို မွေးထုတ်သောနိုင်ငံသည် အခြားသောနိုင်ငံများထက် တိုးတက်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ရာ ဝန်ထမ်းကောင်းများ ဖြစ်ရန်အတွက် ကျောင်းနေအရွယ်မှစ၍ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စည်းကမ်း၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာတရားများရှိရန် သွန်သင်လေ့ကျင့်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းအေး၊ မန္တလေး ကွန်ပျူတာတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာခင်သန္တာစိုး၊ မန္တလေး နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးမူ၊ နည်းပညာတက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ် ဒေါက်တာ စုယဉ်ဝင်း၊ မန္တလေး အဝေးသင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစန္ဒာခါတို့က မိမိတို့၏ တက္ကသိုလ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်(၅)ခု အတွက်ချီးမြှင့် ငွေကျပ်(၁၅)သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်းသိရသည်။  

(သတင်းစဉ်)