မန္တလေး၊ ဖေဖော်ဝါရီ ၇
ပြင်ဦးလွင်မြို့ရှိ အမှတ်(၂/၃/၄)အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာ အလယ်တန်းကျောင်း (ပွေးတောင်) တို့အတွက် ဘင်ခရာနှင့် စာကြည့်တိုက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းနိုင်ရန် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး (၂) ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက နိုင်ငံတော် အစိုးရမှ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အခြေခံပညာကျောင်း၏ လိုအပ်ချက်များကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားကျောင်းသူများ စိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်ရေးနှင့် စိတ်ဓာတ် တက်ကြွစေရန်အတွက် ကျောင်းဥပဓိ ကောင်းမွန်ရေးနှင့် ဘင်ခရာအဖွဲ့များ ရှိရေးမှာ အရေးကြီးပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့်နှင့် ပညာသင်နှစ် နောက်မကျစေရန် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများနှင့် အဆင့်မြင့်ကျောင်းများ ဉပဓိရုပ် ကောင်းမွန်စေရေးနှင့် လိုအပ်ချက်များ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်နေမှုနှင့် လျာထားချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူး၊ ပြင်ဦးလွင်ခရိုင်ပညာရေးမှူးနှင့် ဆရာမများက ကျောင်းများအတွက် ဘင်ခရာပစ္စည်းများ၊ စာကြည့်တိုက်အတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူနိုင်ရန်တို့ကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့ရှိ အမှတ် (၂/၃/၄) အခြေခံပညာ အထက်တန်းကျောင်းများအတွက် ဘင်ခရာပစ္စည်းများ ဝယ်ယူရန်နှင့် အခြေခံပညာ အလယ်တန်းကျောင်း (ပွေးတောင်) စာကြည့်တိုက်အတွက် စာအုပ်များနှင့် လိုအပ်သော ပစ္စည်းများဖြည့်တင်းရန်အတွက် ငွေကျပ် (၂၆,၅၀၃,၀၀၀) ကို ပေးအပ်ရာ တိုင်းဒေသကြီး ပညာရေးမှူး၊ ပြင်ဦးလွင်ခရိုင်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ ဆရာမများက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်